၃၁ ဇန်နဝါရီ ၂၀၂၆
ရန်ကုန်အပါအဝင် မြို့ကြီးအချို့မှာ လုယက်မှုတွေ၊ သတ်ဖြတ်ခံရတာတွေ၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုတွေ ဖြစ်ပွားနေတာကြောင့် တန်ဖိုးကြီး လက်ဝတ်လက်စားတွေ မဝတ်ဆင်ဘဲ သတိထားသွားလာကြဖို့ လူမှုကွန်ရက်ပေါ်မှာ သတိပေးချက်တွေ ပိုမိုမြင်တွေ့လာရပါတယ်။
အထူးသဖြင့် ကလေးငယ်တွေနဲ့ ကျောင်းနေအရွယ်ကလေးတွေကို အဖိုးတန် လက်ဝတ်လက်စားတွေ၊ စမတ်ဖုန်းလို အသုံးအဆောင်ပစ္စည်းတွေ မဝတ်ဆင်မကိုင်ဆောင်စေဖို့ အုပ်ထိန်းသူတွေကို မြို့နေပြည်သူတွေက အပြန်အလှန် သတိပေးနေကြပါတယ်။
မကြာသေးခင်ရက်ပိုင်းက ဗိုလ်တထောင်မြို့နယ်အတွင်း စာကျက်ဝိုင်းကနေ လမ်းလျှောက်ပြန်လာတဲ့ အတန်း (၈) ကျောင်းသားလေးတစ်ဦးရဲ့ ဖုန်းကို လူတစ်ဦးက လုယက်ပြေးသွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဖုန်းကို ကြိုးနဲ့ လည်ပင်းမှာဆွဲထားတာဖြစ်ပြီး ကလေးက ငိုနေသဖြင့် မေးမြန်းကာ မိဘဆီ ပြန်ပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရွှေပြည်သာမြို့နယ် (၁၃) ရပ်ကွက်မှာ ဆော့ကစားနေတဲ့ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ရိုက်နှက်ပြီး ရွှေလက်ကောက် လုယက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာလည်း အသက် ၂၃ နှစ်အရွယ် အိမ်ထောင်သည်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ပြီး ပစ္စည်းလုယက်ခဲ့တဲ့ အမျိုးသားနှစ်ဦးကို ဇန်နဝါရီ ၂၈ ရက်က မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေရန် အမိန့်ချမှတ်ခဲ့တာလည်း ရှိပါတယ်။
ဒေသအလိုက် သတင်းမထွက်သေးတဲ့ လုယက်မှု၊ အကြမ်းဖက်မှုတွေကလည်း ပြည်နယ်နဲ့ တိုင်းအချို့မှာ မကြာခဏ ဖြစ်ပွားနေတယ်လို့ ပြည်သူတွေက ပြောကြပါတယ်။
ရန်ကုန်မြို့မှာတော့ စစ်ဘေးရှောင်တွေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့လာသူတွေ များလာတာကြောင့် လူဦးရေတိုးလာပြီး ဆွဲကြိုးဖြတ်ပြေးခံရတာ၊ ဆိုင်ကယ်နဲ့ ပစ္စည်းလုယက်ပြေးတာ၊ နေအိမ်အတွင်း ဝင်ရောက်ခိုးယူမှုတွေ နေ့စဉ်လိုလို ဖြစ်ပွားလာနေတယ်လို့ ဆိုပါတယ်။
တစ်ရက်ကို လူဦးရေ ၁၅ သိန်းဝန်းကျင် စီးနင်းနေတဲ့ YBS ဘတ်စ်ကားတွေပေါ်မှာလည်း ခါးပှိုက်နှိုက်ခံရတဲ့ ဖြစ်စဉ်တွေ ပိုများလာတာကြောင့် မပေါ့ဆဘဲ အထူးသတိထား သွားလာကြဖို့ ပြည်သူအချင်းချင်း သတိပေးနေကြပါတယ်။


