၆ ဖေဖော်ဝါရီ ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်အပါအဝင် ရွှေဆိုင်လုပ်ငန်းရှင် ၃ ဦးကို ရွှေတုံးရွှေခဲတွေ သိုလှောင်ပြီး ဈေးတင်ရောင်းချခဲ့တယ်ဆိုပြီး စစ်ကော်မရှင်က ဖမ်းဆီးအရေးယူထားတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ ပြောဆိုချက်အရ ဦးမျိုးမြင့်က ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၇၀ ကျပ်သားရှိ ရွှေတုံး ၈ တုံးကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူသိုလှောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဦးမျိုးသူဝင်းနဲ့ ဦးနေမျိုးထက်တို့ကလည်း ၂၀၂၅ ဒီဇင်ဘာလနဲ့ ၂၀၂၆ ဇန်နဝါရီလအတွင်း အခေါက်ရွှေ အများအပြားကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူပြီး အမြတ်ယူ ဈေးမြှင့်ပြန်လည်ရောင်းချခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်၊ စသုံးလုံး၊ ထွေ/အုပ်တွေနဲ့ ဆက်ဆံရေးနီးစပ်သူတွေဖြစ်ပြီး စစ်တပ်ဘက်ကို ထောက်ပံ့ပေါင်းသင်း လုပ်ကိုင်လာသူတွေဖြစ်ပါတယ်။
အဆိုပါ ဖမ်းဆီးမှုကြောင့် ရန်ကုန်အခြေစိုက် မီးလင်းရွှေစျေးကွက်မှာ အရောင်းအဝယ်တွေ ရပ်တန့်သွားပြီး စျေးကွက်တစ်ခုလုံး လှုပ်ခတ်သွားတယ်လို့ ရွှေကုန်သည်တွေက ဆိုပါတယ်။
စစ်တပ်အနေနဲ့ ပြည်တွင်းရွှေစျေးနဲ့ ဒေါ်လာစျေး မြင့်တက်လာတိုင်း ရွှေကုန်သည်တွေကို ဖမ်းဆီးအရေးယူလေ့ရှိပါတယ်။


