ရန်ကုန်မှာ လမ်းဘေးတောင်းရမ်းစားသောက်နေတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး အဓမ္မပြုကျင့်ခံရတဲ့အခြေအနေကြောင့် ဆေးရုံမှာကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
အဲဒီ ကလေးငယ်ဟာ မနေ့က စက်တင် ဘာ ၁၈ ရက် ညနေပိုင်းမှာ ၄၈ လမ်း အနော်ရထာနဲ့ မဟာဗန္ဓုလလမ်းကြား ကားပါကင်အနောက်တွင် အဓမ္မပြုကျင့်ခံရတဲ့ လက္ခဏာအချို့ကြောင့် ဝတ်ထားတဲ့ ဂါဝံအင်္ကျီနဲ့ ခြေထောက်မှာသွေးတွေ့ရှိခဲ့ရာကနေ သိရှိခဲ့တာဖြစ်ပါတယ်။
“တောင်းရမ်းစားသောက်သူအချင်းချင်း ရင်းနှိးတဲ့အထဲက ဖြစ်မယ်လို့ ထင်တယ်ဗျ။ ဘယ်သူလုပ်တယ်ဆိုတာကိုမသိရသေးပေမဲ့ ကလေးကိုတော့ ဟယ်လ်ပင်ကလေးဆေးရုံကိုပို့လိုက်ပြီ၊ ကြည့်ရတဲ့အခြေအနေက အဓမ္မကျင့်ခံရတဲ့ပုံမျိုး” လို့ ၄၈ လမ်းနေ ပြည်သူတဦးက New Day Myanmar ကိုပြောပါတယ်။
ဖြစ်စဉ်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက အနီးနားမဖျာရှိတဲ့ CCTV တွေကနေတဆင့် စုံစမ်းတာတွေပြုလုပ်နေပြီး၊ ကလေးမိဘများကိုလည်း ခေါ်ယူတွေ့ဆုံကာ မေးမြန်းစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သူက ပြောပါတယ်။
“ရဲကတော့ ပတ်ဝန်းကျင်က CCTV တွေကို လိုက်စစ်တယ်။ ပေါ်နိုင်ပါတယ်။ အားလုံးကလည်း စိတ်ဝင်စားနေတဲ့ ကိစ္စဖြစ်နေပါတယ်”လို့ ဆိုပါတယ်။
ဓာတ်ပုံ-ရှင်သန်ရေးကူညီမှုအသင်း


