၁၃ ဖေဖော်ဝါရီ ၂၀၂၆
ရန်ကုန်မှာ ထိုင်းနိုင်ငံဘက်က တင်သွင်းနေတဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေ တဖြည်းဖြည်း ပြတ်လပ်လာနေပြီး၊ လက်ကျန်ပစ္စည်းတွေကိုသာ ရောင်းချပေးနေရတယ်လို့ ရန်ကုန်မြို့ နာမည်ကြီး ဈေးဝယ်စင်တာတခုကနေ စုံစမ်းသိရှိရပါတယ်။
“ထိုင်းဘက်က ဝင်တဲ့ လူသုံးကုန်တွေက နောက်ပိုင်းဝင်ဖို့ သိပ်မရှိဘူး။ သွားတိုက်ဆေးလို၊ ဆပ်ပြာလို အခြေခံလူသုံးကုန်ပစ္စည်းတွေက ထပ်ဝင်မလာတော့ဘူး။ အခုနောက်ပိုင်းညီမတို့ ဖက်စပ်ပစ္စည်းတွေကိုဘဲရောင်းနေရတာ။ ဖက်စပ်တွေဘဲရမယ်၊ ဘယ်ကထုတ်လဲတော့ ညီမလည်းမသိဘူး” လို့ အဲ့ဒီ စင်တာက အရောင်းဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကနေ တဆင့် ပြည်တွင်းထဲကို တင်သွင်းနေတဲ့ လူသုံးကုန်ပစ္စည်းတွေကို စစ်ကော်မရှင်က တင်သွင်းခွင့်မပြုဘဲ ပိတ်ဆို့ထားပြီး၊ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ထိုင်းနယ်စပ် ကုန်သည်တစ်ဦးက New Day Myanmar ကိုပြောပါတယ်။
“ဘာမှသွင်းမရဘူး။ အခု ထိုင်းကုန်တွေ သွင်းခွင့်ပိတ်ထားလို့ ဘာမှမလုပ်တော့ဘူး၊ ရှိတဲ့ အထုပ်ဖြည်ပြီး ထိုင်စားနေရတော့တာ။ အချို့ကားတွေကို လွှတ်ပေးတယ် ဒါပေမယ့် သွင်းလာတဲ့ကုန်ပေါ်မူတည်ပြီး သိန်းကိုဆယ်နဲ့ ချီတောင်းနေတာ။ အစီးတိုင်လွှတ်ပေးတာတော့မ ဟုတ်ဘူး”လို့ သူကဆိုပါတယ်။
လတ်တလော စစ်ကော်မရှင်ဟာ ထိုင်းကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကုန်တင်ကားကြီးအပါ တစ်ပိုင်တစ်နိုင် သယ်ဆောင်တဲ့ ကားလေးတွေကအစ မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွေ၊ လမ်းသွားလမ်းလာမှာတွေ့ရှိရင် တရားမဝင် သယ်ဆောင်လာတာရော တရားဝင် သယ်ဆောင်တာတွေကအစ တင်းတင်းကျပ်ကျပ်ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့လည်း သူကဆိုပါတယ်။
တရားမဝင်သယ်ဆောင်လာရင် ထိုင်းကုန်ပစ္စည်းတွေအပြင် တင်ဆောင်လာတဲ့ ကားတွေကိုပါ သိမ်းဆည်းသလို တရား ဝင်သယ်ဆောင်တဲ့ကားတွေကိုလည်း အဖမ်းပြီးငွေကြေးတောင်းခံတာတွေရှိနေတယ်လို့သိရပါတယ်။
“စစ်တောင်းတံတားကနေပြီး ထိုင်းကုန်နဲ့ပတ်သက်တာ ဘာကုန်မှပေးမဖြတ်ဘူး၊ အချို့ကားသမားတွေက ဖမ်းခံရပြီဆို ကုန်သည်တွေနဲ့ ချိတ် ၊ ကုန်သည်တွေက လိုက်ဆင်းလာပြီး ငွေကြေးပေးပြီး ညှိကြရတာပေါ့။ နောက်ပိုင်းကုန်သည်လည်း ထိုင်းပစ္စည်းဆို ဘာဆိုဘာမှမသွင်းတော့တာ”လို့ သူကဆက်ပြောပါတယ်။
အခုလို စစ်ကော်မရှင်က ထိုင်းကုန်ပစ္စည်းတွေ ဖမ်းဆီးတာကြောင့် ဈေးကွက်အတွင်းမှာ လက်ကျန် သိုလှောင်ရင်းစွဲရှိသူတွေက ဈေးတင်ရောင်းချလာပြီး ကုန်သည်အများစုမှာ ပစ္စည်း ပြတ်လပ်လာနေတယ်လို့သိရပါတယ်။
စစ်အာဏာသိမ်း ၅ နှစ်အတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး တစ်ခုပဲဆုတ်ယုတ်သွားခဲ့တာမဟုတ်ဘဲ ပြည်သူလူထုရဲ့ ဘေးကင်းလုံခြုံမှု၊ အသက်အိုးအိမ်၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍပေါင်းစုံမှာပါ ဆုတ်ယုတ်သွားတာဖြစ်ပါတယ်။


