Homeပြည်တွင်းသတင်းရန်ကုန်မှာ စစ်မှုထမ်းနဲ့ ဖမ်းဆီးတာတွေကြောင့် ညနေပိုင်းတွေမှာပင် လူငယ်တွေအပြင်မထွက်ကြတော့

ရန်ကုန်မှာ စစ်မှုထမ်းနဲ့ ဖမ်းဆီးတာတွေကြောင့် ညနေပိုင်းတွေမှာပင် လူငယ်တွေအပြင်မထွက်ကြတော့

၁၂ ဖေဖော်ဝါရီ၊ ၂၀၂၅

စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းနည်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း လူငယ်တွေကို ဖမ်းဆီမှုတွေရှိလာတာကြောင့် ရန်ကုန်မြို့ရဲ့လူစည်ကားရာနေရာတွေမှာညနေပိုင်းကစလို့ လူရှင်းနေတာကို New Day Myanmar ရဲ့မြေပြင်သတင်းအချက်အလက်များအရ သိရပါတယ်။

ရန်ကုန်မှာနေ့စဉ်လိုလိုလူပျောက်မှုတွေများလာတာကြောင့် ပုံမှန် ရုံးတတ်/ရုံးဆင်းလုပ်သူများ၊ delivery သမားတွေဟာ ညနေ ၅ နာရီနောက်ဆုံးထားပြီး နေအိမ်ကို ပြန်ကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။

“လူတွေက စစ်မှုထမ်းတဲ့ဟာရယ် လူတွေခဏခဏပျောက်နေလို့ အပြင်ကိုမထွက်ကြတော့ဘူး။ ခါတိုင်းဆိုရင် ဆူးလေမှာက ည ၇ နာရီလောက်ထိကို လူတွေသူ့ဟာနဲ့သူရှိသေးတယ်။ သုံးလေးရက်လောက်ရှိပြီ သတိထားမိတယ်။ လမ်းပေါ်လူမရှိတာ။ ညနေ ၆ နာရီကျော်လောက်ဆို လမ်းပေါ်လူလုံးဝရှင်းသွားပြီ”လို့ ဆူးလေတွင် ဈေးရောင်းချသူတစ်ဦးကပြောပါတယ်။

တပ်သားလိုအပ်ချက်ရှိနေတဲ့ စစ်ကောင်စီဟာ ရန်ကုန်မှာ အရပ်ဝတ်နဲ့သော်လည်းကောင်း၊ ပေါ်တင်သော်လည်းကောင်း ဖမ်းဆီးနေတာဖြစ်ပါတယ်။

စစ်ကောင်စီဖမ်းဆီးတာ​တွေကြောင့် ညဘက်လူသွားလူလာနည်းသွားသလို မလွှဲသာလို့ အပြင်ထွက်ရတဲ့အခါမှာလည်း စိုးရိမ်စိတ်နဲ့သွားလာနေရတယ်လို့ လူငယ်တစ်ဦးကပြောပါတယ်။

နိုင်ငံတဝန်းတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်ကောင်စီဟာ တပ်သားလိုအပ်ချက်တွေရှိနေတာဖြစ်ပါတယ်။ တပ်သားလိုအပ်ချက်ရှိနေတဲ့ စစ်ကောင်စီဟာလက်ရှိအချိန်ထိ စစ်ကင်းမဲ့ဇုန်ဖြစ်နေသေးတဲ့ ရန်ကုန်ကလူငယ်တွေကို တောက်လျှောက်ဖမ်းဆီးနေတာဖြစ်ပါတယ်။

“ကျွန်တော်ဆို ညဘက်သိပ်မထွက်ရဲတော့ဘူး။ ရပ်ကွက်ထဲက လူငယ်အချို့တွေပျောက်ကြတယ်။ ခုထိလည်းပြန်ရှာမတွေ့ကြဘူး။ အလုပ်ကနေ ၅ နာရီဆိုတာနဲ့ဆင်းရတယ်။ သူဌေးကိုလည်းပြောပြထားရတာပေါ့ ။ အနာဂါတ်တွေတောင်ပျောက်နေပြီ” လို့ရုံးဝန်ထမ်းတစ်ဦးကပြောပါတယ်။

ရန်ကုန်မှာ အဖမ်းခံရပြီး ပျောက်နေတဲ့လူငယ်တွေရဲ့ မိသားစုဝင်တွေဟာ နယ်မြေခံရဲစခန်းတွေမှာ လူပျောက်တိုင်ကြားတာရှိပေမဲ့ အရေးတယူဆောင်ရွက်မှုတွေမရှိ‌တာကြောင့် စစ်ကြောရေးဘက်၌ ငွေပေးပြီး လူပျောက်ရှာနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆက်စပ် သတင်းများ

Most read