၄ မတ်လ ၂၀၂၅ ၊ New Day Myanmar
ရန်ကုန်မြို့ မြို့နယ်အများစုက စက်သုံးဆီဆိုင်တွေမှာ မနေ့က မတ်လ ၃ ရက်နေ့ထက် ဒီကနေ့မှာ တန်းစီစောင့်ဆိုင်းဝယ် ယူရတာတွေပိုများလာသလို၊ ဆိုင်အချို့အချိန်ပိုင်းနဲ့သာ ရောင်းချပေးနေတာတွေ့ရပါတယ်။
ဒီကနေ့ မတ်လ ၄ ရက်နေ့ မနက် ၆နာရီအချိန်မှာ တန်းစီစောင့်ရတာနည်းပေမယ့် မနက် ၈ နာရီလောက်ကစပြီး တန်းစီစောင့်ဆိုင်းတဲ့ ယာဉ်တွေ ပိုများလာတာတွေ့ရပါတယ်။
“ကျွန်တော်မနက်ကတော့ သွားထည့်တာ ရှေ့မှာ လေးငါးခြောက်စီးလောက်ဘဲရှိတယ်။ ကျွန်တော်ကနောက်ဆုံးပေါ့။ လိုသလောက်လည်း ဝယ်လို့ရတယ်ဗျ။ ကျွန်တော်ကတော့ အပြည့်ဝယ်လာလိုက်တယ်”လို့ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်မောင်းတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
လတ်တလော ရန်ကုန်မှာ ဒီကနေ့ မတ်လ ၄ ရက် စက်သုံးဆီရောင်းချပေးတဲ့ နှုန်း ထားတွေအနေနဲ့ 92 Ron တစ်လီတာ ၂၄၁၅ ကျပ်၊ 95Ron တစ်လီတာ ၂၄၈၀ ကျပ်၊ ဒီဇယ် ၂၅၆၅ ကျပ်နဲ့ ပရီမီယံ ဒီ ဇယ် ၂၈၄၅ ကျပ်နဲ့ရောင်းချပေးနေတယ်လို့ သိရပါတယ်။
ဆိုင်အချို့ကတော့ အရင်လို အချိန်ပြည့်မရောင်းပေးတော့ဘဲ မနက် ၆ နာရီကနေ ၁၁ နာရီအထိ တစ်ကြိမ် ညနေ ၃ နာရီကနေ ည ၇ နာရီအထိတစ်ကြိမ် ရောင်းချပေးတယ်လို့ သိရပါတယ်။
“နောက်ပိုင်းတော့ ဆိုင်တိုင်းအချိန်နဲ့ဘဲရောင်းမယ်ပြောကြတယ်။ စုံမရက်ကလည်းခွဲထားတော့လေ။ အခုဆိုင်ကပြောလိုက်တာက စုံ/မရက် အကျုံးဝင်တဲ့ရက်ကစပြီး စုံရင်ဆို စုံကားဘဲရောင်းပေးမယ်ပြောတယ်” လို့ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
စက်သုံးဆီအမျိုးအစားအလိုက် ရန်ကုန်မန္တလေး၊ နေပြည်တော် ၊ မကွေး ၊ မုံရွာ၊ ပုသိမ်၊ ထားဝယ်၊ မြစ်ကြီးနားနဲ့ စစ်တွေမှာ မြို့တွေအလိုက် ကျပ် ၂၀၀ ကနေ ၃၀၀ အထိ ကွာခြားပါတယ်။
အရှေ့အလယ်ပိုင်းဒေသ စစ်ရေးတင်း မာမှုကြောင့် စက်သုံးဆီချွေတာရေးအ ဖြစ် ပြည်တွင်းမှာ စုံဂဏန်းရက်၊ မဂဏန်းရက် ခွဲပြီး ယာဉ်မောင်းနှင်ဖို့ စစ်ကော်မရှင်က မတ်လ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မတ်လ ၇ ရက်နေ့ကစပြီး အကျုံးဝင်မှာဖြစ်ပြီး နောက်ထပ်ထုတ်ပြန်ချက် မရှိမချင်း ဆက်လက်အတည်ဖြစ်မယ်လို့ ဆိုပါတယ်။ စည်းကမ်းဖောက်ဖျက်ရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်လို့လည်း အသိပေးထားပြီး ဒီလို လုပ် ဆောင်တဲ့အပေါ် လူထုရဲ့ဝေဖန်မှုလည်း မြင့်တက်နေပါတယ်။


