ရန်ကုန်မြို့မှာ ကြံ့ဖွံ့ပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ လုံခြုံရေးအတွက် စောင့်ကြည့်ဖို့ ဘေးတွဲဆိုင်ကယ်မောင်းနှင်တဲ့သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စေခိုင်းထားတယ်လို့ သိရပါတယ်။
ကြံ့ဖွံ့ပါတီ မဲဆွယ်ဆိုင်းဘုတ် လုံခြုံရေးအတွက် မြောက်ဥက္ကလာပမြို့နယ်အပါ အခြားသော မြို့နယ်တွေအလိုက် ရပ် ကွက်အုပ်ချုပ်ရေးမှူးတွေကို နှုတ်နဲ့ညွှန်ကြားထားတာဖြစ်တယ်လို့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ့်က ဘေးတွဲမောင်းနှင်သူတဦး က New Day Myanmar ကို အတည်ပြုပါတယ်။
“စာနဲ့တော့မဟုတ်ဘူးဗျ။ ပါတီရဲ့မြို့နယ်အောင်နိုင်ရေးကော်မတီတွေကနေ အုပ်ကြီးတွေကို နှုတ်နဲ့ညွှန်ကြားထားတာ။ အုပ်ကြီးတွေကလည်း သူတို့ ခါးပိုက်ထဲထည့်ထားတဲ့ ဘေးတွဲသမားတွေကို စောင့်ကြည့်ခိုင်းတယ်။ လိုအပ်ရင်တော့ တခုခုလုပ်ပြီး ရုံးခေါ်လာဖို့အထိ အာဏာ ကုန်လွှဲထားတာ။”လို့ သူသိထားတာကို ပြောပြပါတယ်။
ဒါအပြင် ဒုတိယအကြိမ် မဲစာရင်းကြေ ငြာထားတာတွေကိုလည်း မဖြစ်မနေလာရောက်ကြည့်ကြဖို့ မြို့နယ်အလိုက် ရပ်ကွက်အလိုက် ဖိအားပေးနှိုးဆော်နေတာတွေရှိတယ်လို့ ဆိုပါတယ်။
“ဧည့်စာရင်းနဲ့နေတဲ့သူတွေဆို ပိုအပြောခံရတယ်။ လာကြည့်ဖို့ပေါ့။ သူတို့ကလည်း စောင့်ကြည့်နေတာ။ လာမကြည့်တဲ့သူတွေဆိုရင် နောက်ဘာလုပ်မလဲ ရစ်ခံရမလား၊ နေအိမ်က ကလေးတွေ စစ်မှူထမ်းအတွက် လာညှစ်မလားဆိုပြီး ဝတ်ကြေတန်းကြေတော့ သွားကြည့်နေရကြတာဘဲ”လို့ သူက ဆက်ပြောပါတယ်။
ရန်ကုန်တိုင်းထဲမှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်တွေမှာလည်း နိုဝင်ဘာ ၁၇ ရက်နေ့က ကျောင်းစတင်အပ်နှံခွင့်ပြုခဲ့ပြီး ကျောင်းသူကျောင်းသားတွေကို ကြိုတင်မဲပေးဖို့ ဖိအားပေးမှုတွေရှိနေကာကြို တင် မဲပေးထားတဲ့ အထောက်အထားပြမှသာ ကျောင်းအပ်ခွင့်ပေးတယ်လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့က အသိပေးဖော်ပြထားပါတယ်။
တက္ကသိုလ်၊ ကောလိပ်တွေမှာ ကြိုတင်မဲပေးဖို့ကိုလည်း အသံချဲ့စက်တွေနဲ့လိုက်အော်နေခဲ့တယ်လို့ ဆိုပါတယ်။
ပုံစာ -၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်တွင် ဘေးတွဲ ဆိုင်ကယ်များကို ဖမ်းဆီးနေသည့် စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
ဓာတ်ပုံ-CJ


