ရန်ကုန်မြို့ ရွှေလင်ဗန်းစက်မှုဇုန်ထဲကSHWE MYINN ရေလျှော်စက်ရုံမှာ ဖိအားပေးပြီး အချိန်ပို ညလုံးပေါက်စေခိုင်းတာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နဲ့စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) က ထုတ်ပြန်အသိပေးထားပါတယ်။
အချိန်ပိုဆင်းထားတဲ့ အလုပ်သမားတွေကို နောက်ရက် အလုပ်မဆင်းပါက ရက်မှန်ကြေးဖြတ်မယ်ဆိုပြီး စက်ရုံဘက်က ခြိမ်းခြောက်လို့ မဖြစ်မနေအလုပ်ဆင်းပေးနေရတယ်လို့ IWFMကိုအလုပ်သမားတွေဘက်က ပြောဆိုတာတွေရှိတယ်လို့ ဆိုပါတယ်။
တနေ့ အလုပ်ချိန် ၈နာရီလုပ်ကိုင်ပြီး ည နေ ၄ နာရီမှာ အချိန်ပို မဆင်းဘဲ ပြန်ပါက နောက်နေ့တွေမှာ ညည့်နက်အချိန်ပို(အိုတီ) ဆင်းပေးနိုင်မှ ဂိတ်ပတ်စ်ရပြီး ပြန်ရတယ်လို့ သိရပါတယ်။
“အလုပ်နဲ့အလုပ်သမားက မမျှတဘူး၊အလုပ် သမားတွေက မနိုင်တော့ဘူး။ အလုပ် သ မားလည်း ထပ်မခေါ်ဘူး၊ ရှိတဲ့ အလုပ်သ မားတွေကို လှည့်ပတ်ပြီးနေရာစုံ ခိုင်းနေတာ။” လို့အလုပ်သမားတွေဘက်ပြောဆိုချက်အပေါ် ဖော်ပြထားပါတယ်။
အလုပ်သမားရုံးက လာရောက်စစ်ဆေးပေမဲ့ လုပ်ငန်းခွင်မှာ ပြောင်းလဲမှုမရှိတဲ့ အပြင် လာရောက်စစ်ဆေးသူတွေပိုင်တယ်ဆိုပြီး ချိုးဖောက်မှုတွေက ပိုဆိုးလာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
လုပ်ငန်းခွင်ထဲတွင် အသက် ၁၄ နှစ် ၁၅နှစ်အရွယ် လူငယ်၊ လူရွယ်အလုပ်သမားတွေကိုလည်း ဆေးထောက်ခံချက်မပါဘဲ အလုပ်ခန့် ခိုင်းစေနေတာတွေလည်းရှိတယ်လို့ အလုပ်သမားတွေဘက်က ပြောဆိုတာတွေရှိနေတယ်လို့ သိရပါတယ်။
“ဆေးထောက်ခံချက်မပါဘဲ ခန့်ထားတယ်။ အဲ့ကလေးတွေကိုပဲ လူကြီးအလုပ်သမားတွေနဲ့ တန်းတူခိုင်းတယ်။ လူငယ်၊ လူရွယ်အလုပ်သမားတွေကို အစမ်းခန့်ကာလဆိုပြီး ဒေးကြေး ၆၈၀၀ ပဲပေးတယ်၊ ၃ လပြည့်တော့လည်း အ တည်ပြုဝန်ထမ်းမခန့်ဘဲ ဆက်ခိုင်းတယ်။” လို့ ဆိုပါတယ်။
Shwe Myinn Co.,Ltd Washing Fact စက်ရုံဟာ ရန်ကုန်မြို့၊ ရွှေလင်ဗန်းစက်မှုဇုန်၊ နဝဒေးမင်းကြီးလမ်းမှာရှိပြီး တရုတ်နိုင်ငံသားပိုင်စက်ရုံ ဖြစ်ပြီး လုပ်သား ၁၀၀ ကျော်ရှိပြီး လျှော်ဖွတ်နေတဲ့ အမှတ်တံဆိပ်ကတော့ Pageone, Wax Jean အမှတ်တံဆိပ် ဖြစ်တယ်လို့သိရပ့တယ်။
ဓာတ်ပုံ- Google Maps


