၁၇ ဖေဖော်ဝါရီ ၂၀၂၆
ရန်ကုန်မြို့အတွင်း စစ်မှုထမ်းရေးအတွက် လူငယ်တွေကို လူမှုကူညီရေးကားတွေ အသုံးပြုပြီး ပေါ်တာဆွဲဖမ်းဆီးနေတဲ့ ဖြစ်စဉ်တွေ အခုရက်ပိုင်းအတွင်း ပိုမိုများပြားလာတယ်လို့ မျက်မြင်တွေ့ရှိသူတွေက New Day Myanmar ကို ပြောပါတယ်။
မျက်မြင်သတင်းရင်းမြစ်တွေအရ စစ်ကော်မရှင်လက်အောက်ခံ တပ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပူးပေါင်းပြီး လူမှုကူညီရေးကားတွေကို အသုံးပြုကာ လမ်းမပေါ်၊ လူစည်ကားရာနေရာတွေမှာ လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက် ညနေ ၅ နာရီခွဲခန့်မှာ ကမ္ဘာအေးဘုရားလမ်းမပေါ်မှာ လူငယ် ၃ ဦးကို လူနာတင်ယာဉ်ပုံစံ လူမှုကူညီရေးကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ လမ်းသွားလမ်းလာတစ်ဦးက ပြောပါတယ်။
“ဘယ်သူမှ ဝင်မတားရဲဘူး။ ဘာဖြစ်နေလဲဆိုတာလည်း မသိရဘူး။ လူငယ်တွေကတော့ အော်ဟစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ အပြစ်တစ်ခုခုကြောင့် ဖမ်းရင် အဲဒီလို မဖြစ်နိုင်ဘူး။ ဒါကြည့်ရင် ပေါ်တာဆွဲတာဆိုတာ သိသာပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ဖေဖော်ဝါရီလအစပိုင်းကစပြီး တောင်ဥက္ကလာပမြို့နယ် ဘုရားပွဲအနီး၊ အင်းစိန် ကမ်းနားဈေးရောင်းပွဲတော်၊ တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်နဲ့ ၁၉ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်တွေမှာလည်း နေ့စဉ်လိုလို ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တောင်ဒဂုံ ၅၄ ရပ်ကွက်မှာဆိုရင် နေ့လည်းဆွဲ၊ ညလည်းဆွဲနေတယ်။ တချို့ကိုတော့ သိန်း ၇၀ လောက်အထိ ငွေတောင်းပြီး ပြန်လွှတ်ပေးတာတွေလည်း ရှိတယ်” လို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ စစ်ကော်မရှင်ဘက်က ရာသီအလိုက် ပွဲတော်တွေ ကျင်းပခွင့်ပြုပေးပြီး အဲဒီပွဲတွေက ပြန်တဲ့အချိန်တွေမှာ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
“ဆွဲခံရတဲ့သူတွေထဲမှာ ရန်ကုန်ကို ကျောင်းကိစ္စ၊ အလုပ်ကိစ္စနဲ့ လာရောက်နေထိုင်သူတွေ ပိုများတယ်။ ရန်ကုန်ပေါက်တွေကတော့ ဆွဲခံရတာ နည်းပါတယ်။ လှည်းတန်းလို နေရာတွေကတော့ သူတို့ရဲ့ စားကျက်လို ဖြစ်နေပြီး တစ်ပတ်ကို သုံးကြိမ်လောက် ဧည့်စစ်ဆိုပြီး ဝင်ဖမ်းကြတယ်” လို့ လှည်းတန်းအဆောင်ပွဲစားတစ်ဦးက ပြောပါတယ်။
ရန်ကုန်ဒေသ စောင့်ကြည့်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ယခုရက်သတ္တပတ်အတွင်း မတရားဖမ်းဆီးခံရတဲ့ လူငယ်အရေအတွက်ဟာ မြို့နယ် ၅ ခုက စုစုပေါင်း ၁၉ ဦးအထိ ရှိနေပြီး တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တာမွေ၊ စမ်းချောင်းနဲ့ ကမာရွတ်မြို့နယ်တွေမှာ နေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ လမ်းဘေးထိုင်နေစဉ် ဖမ်းခံရသူ ၆ ဦး၊ အကင်ဆိုင်မှာ အကင်ဝယ်နေစဉ် ဖမ်းခံရသူ ၇ ဦး၊ ဆိုင်သိမ်းနေစဉ် ဖမ်းခံရသူ ၁ ဦး၊ ကားမှတ်တိုင်မှာ ကားစောင့်နေစဉ် ဖမ်းခံရသူ ၁ ဦးနဲ့ လမ်းပေါ် သွားလာနေစဉ် ဖမ်းဆီးခံရသူ ၄ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက် (ပုံအဟောင်း)


