Homeပြည်တွင်းသတင်းရန်ကုန်မြို့မှာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲတဲ့သတင်းတွေကြောင့် ပြည်သူတွေ စိုးရိမ်မှု မြင့်တက်

ရန်ကုန်မြို့မှာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲတဲ့သတင်းတွေကြောင့် ပြည်သူတွေ စိုးရိမ်မှု မြင့်တက်

၂၈ ဩဂုတ်၊ ၂၀၂၄

ရန်ကုန်မြို့ပေါ်က မြို့စွန်ရပ်ကွက်တွေအပြင် စမ်းချောင်း၊ ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်လို လူစည်ကားတဲ့ မြို့နယ်တွေမှာလည်း အိမ်စီးကားတွေနဲ့ပတ်ပြီး စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင် တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ပြည်သူတွေ စိုးရိမ်မှုမြင့်တက်နေတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၅ ရက်နေ့က အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်မှာ လမ်းသွားလမ်းလာ လူငယ် တွေကို အထောက်အထားစစ်တာ၊ ဖုန်းယူစစ်တာတွေ လုပ်ခဲ့ပြီး လူငယ် ၅ ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

“စစ်ကားက ၁ စီး ၊ ပရိုဘောက်လို အိမ်စီးကားက ၂ စီးနဲ့ မှောင်ထဲရပ်နေတာ။ ဖြတ်သွားသူတွေကို သူတို့ ဖုန်းယူစစ်တယ်၊ တချို့ကို ပြန်လွှတ်ပြီး တချို့ကိုနေခိုင်းတယ်၊ တနာရီတောင်မကြာသေးဘူး ၅ ယောက်လောက်ရတော့ ကားပေါ်တင်ပြီး နောက်တနေရာကို မောင်းထွက်သွားတယ်” လို့ ကိုယ်တိုင်မြင်လိုက်ရသူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဩဂုတ်လ ၂၁ ရက်က မရမ်းကုန်းမြို့နယ်၊ သမိုင်း ၂ ရပ်ကွက်မှာ စစ်ကောင်စီတပ်သားတွေ အလယ် ဗဟိုလမ်းကို ပိတ်ပြီး တပ်ဖွဲ့အင်အား တစ်ရာကျော်လောက် စုဝေးခဲ့တယ်လို့ ရပ်ကွက်အတွင်းနေထိုင် သူက ပြောပြပါတယ်။

“အလယ်ဗဟိုလမ်းမတစ်လျှောက်လုံးပိတ်ထားတယ်.။ စစ်ကားက Faw ကား ၂စီး ၊ Double Cab ၁၀ စီး အင်အားက ကားတွေအပြည့်ဆိုတော့ ၁၃၀ လောက် ရှိမယ်။ အဲဒီညက သမိုင်းဘက်မှာလည်း ဧည့်စာရင်းစစ်တယ်။ မုဒိတာ အိမ်ရာကိုလည်း ဝင်ဖမ်းတယ်။ ရဲတွေစစ်သား အစုလိုက် အပြုံလိုက် ရောက်လာတာက ရပ်ကွက်ထဲ pdf တွေ ဝင်နေတယ်ဆိုတဲ့ သတင်းရလို့လို့ ပြောတယ်” လို့ New Day Myanmar ကို ပြောပါတယ်။

ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လှိုင်၊ ကမာရွတ်ဘက်မှာလည်း အိမ်စီးကားသေးတွေနဲ့ ကင်းလှည့်နေပြီး ဩဂုတ်လ ၂၆ ရက်ညက ကြည့်မြင်တိုင်ကမ်းနားလမ်းမှာ အလုပ်က ပြန်လာတဲ့လူငယ်နှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ကျောက်တံတားမြို့နယ်မှာလည်း ဩဂုတ် ၂၆ ရက်မှာပဲ ည ၉ နာရီခွဲဝန်းကျင်မှာ အလုပ်ကပြန်လာတဲ့ လူငယ်နှစ်ဦးကို စစ်တပ်က ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ခံဝန်ထိုးရတဲ့အပြင် အလုပ်က လိုက်လာပြီး ငွေပေးလျော်မှ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့က ရုံးက ၆နာရီပိတ်တာပေမဲ့ လကုန်ဆို အလုပ်များတယ်၊ လသာက လမ်း ၄၀ကို လမ်းလျှောက်ပြန်လာတာကို စစ်ကားရုတ်တရက် ရပ်ပြီး ဆင်းလာပြီး စစ်တာ ၊ စစ်မှုထမ်းမှာမလား ၊ pdf တွေကို ထောက်ခံတာမဟုတ်လား အဲ့လိုတွေလည်းမေးတယ်၊ ရုံးကို ဖုန်းဆက်ဖို့ ခွင့်တောင်းပြီး ရုံးက လိုက်ထုတ်ပေးတာ ငွေတော့ပေးရတယ် ဘယ်လောက်လဲတော့မသိပါဘူး၊ ရုံးကlogistic ရုံးဆိုတော့ သိတဲ့အဆက်အသွယ်လေးတွေ ရှိလို့သာ ပေါ်တာမပါသွားတာ၊ ခုဆို ညပိုင်းတွေ မြို့လည်ခေါင်မှာ လူတွေ ကားတွေ ရှင်းနေတာပဲ” လို့ ပြောပြပါတယ်။

စစ်ကောင်စီဟာ တပ်ကို အင်အားဖြည့်ဖို့ တရားဝင်ကြေညာထားတဲ့ တစ်လ ၅၀၀၀ ဦးအပြင် နိုင်ငံတဝန်းက ရသမျှလူအင်အားဖြည့်တင်းသွားမယ်လို့ စစ်ဘက်က သတင်းတွေအရ သိရပါတယ်။

စစ်ကောင်စီဘက်တော်သား သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ကိုယ်တိုင် ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ လူ ၁၀၀ ပေါ်တာဆွဲခံရပြီး သူ့မိတ်ဆွေ ၄ ဦးအပါအဝင် ၄၅ ဦးကို စစ်သင်တန်းကျောင်းကို ပို့ခဲ့တယ်လို့ ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။

ဆက်စပ် သတင်းများ

Most read