ဒီနေ့ဩဂုတ် ၈ ရက်မှာ ကျရောက်တဲ့ ၈၈၈၈ အရေးတော်ပုံ ၃၇ နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက လှည်ကင်းတွေနဲ့ လုံခြုံရေးအထပ်ထပ်ချထားတဲ့ကြားက ရန်ကုန်မြို့အထင်ကရနေရာအနှံ့အပြားမှာ ၃၇ နှစ်မြောက် ၈လေးလုံး အထိမ်းအမှတ် ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
‘၈’ သင်္ကေတစာလုံးရေးဆွဲထားတဲ့ ထီးတွေနဲ့ ရန်ကုန်လူထုသပိတ်၊ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့နဲ့ ရန်ကုန်မြို့နေပြည်သူတွေ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“‘၈’ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှသည် ယခု စစ်အာဏာရှင်ဆန့်ကျင်ရေးနွေဦးတော်လှန်ရေးကာလအတွင်း ၃၇နှစ်မြောက်ရောက်ရှိခဲ့သည်ထိတိုင်အောင် အဆက်ဆက်သော စစ်အာဏာရှင်များ၏ အကြမ်းဖက်ဖိနှိပ်ရက်စက်မှုအောက်၌ အပြစ်မဲ့ပြည်သူတို့၏ အသက်အိုးအိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ၎င်းတို့၏အာဏာတည်မြဲရေးအတွက် ပြည်သူကို ရန်သူသဖွယ် သတ်ဖြတ်ချေမှုန်းနေသည့် ဖက်ဆစ် စစ်အာဏာရှင်စနစ်အား အမြစ်ပါမကျန်တွန်းလှန်တိုက်ထုတ်ကြရန်” ဆိုပြီး ရန်ကုန်လူထုသပိတ်နဲ့ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က နှိုးဆော်ထားပါတယ်။
ဓါတ်ပုံ – Yangon 4 Brothers


