ရန်ကုန်နဲ့ အနီးတ၀ိုက်နေရာတွေမှာ ဩဂုတ် ၂၀ ရက် ညပိုင်းစပြီး ငလျင်တွေ လှုပ်ခတ်ခဲ့လို့ ရန်ကုန်နေပြည်သူတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ဩဂုတ် ၂၀ရက် ည ၇ နာရီ ၁၆မိ နစ်မှာ မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်းအနီးကိုဗဟိုပြုပြီး အင်အားရစ်ချ်တာ စကေး ၅အဆင့်ရှိ ငလျင်တကြိမ်၊ ၁၀ နာရီခွဲခန့်ကလည်း သုံးခွမြို့ အရှေ့တောင်ဘက် ၆၃ ကီလိုမီတာအကွာ မြန်မာ့ကမ်းရိုးတန်းအနီးကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ဒသမ၂ အဆင့်ရှိ ငလျင်တကြိမ်၊ ည ၁၀ နာရီ ၄၉ မိနစ်မှာ သုံးခွမြို့ အရှေ့တောင်ဘက် ၆၈ ကီလိုမီတာအကွာမှာ အင်အားရ်ချ်တာစကေး ၄ဒသမ၁ အဆင့်ရှိ ငလျင်တကြိမ်လှုပ်ခတ်ခဲ့ပါတယ်။
အဲ့ဒီနောက် ဒီကနေ့ ဩဂုတ် ၂၁ ရက် မနက်ပိုင်း ၉ နာရီခွဲကျော်က ကမ္ဘာအေးမြေငလျင်စခန်းတောင်ဘက် ၅၄ မိုင်ခန့်အကွာ၊ မြန်မာ့ပင်လယ်ပြင်(ကွမ်းခြံကုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၂၈ မိုင်ခန့်အကွာ)ကိုဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၅ ဒသမ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။
“ညက ငလျင်တွေကတော့ သိပ်မသိသာဘူး။ ဒီနေ့ မနက်လှုပ်တဲ့ ငလျင်ကတော့ သိမ့်သွားတာ။ တိုက်ပေါ်ကနေ ပြေးဆင်းရတယ်။ သတိနဲ့တော့ နေရတာပေါ့ အခုက။”လို့ ရန်ကုန် အလုံမြို့နယ်မှာ နေထိုင်သူ တဦးက New Day Myanmar ကိုပြောပါတယ်။


