ရန်ကုန်နဲ့ ပဲခူးက အမျိုးသမီးငယ်နှစ်ဦးကို တရုတ်မယားလုပ်ဖို့ သွေးဆောင်စည်းရုံးခဲ့တဲ့ အမျိုးသမီး၂ဦးကို ဇွန်၃၀ရက်က နှစ်ရှည်ထောင်ဒဏ်တွေချမှတဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် က အသက် ၂၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တရုတ်မယားအဖြစ်ရောင်းချခဲ့တဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်က ပွဲစားအမျိုးသမီးကို လူကုန်ကူးမှုဥပဒေပုဒ်မအရ မြစ်ကြီးနားခရိုင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အမျိုးသမီးငယ်ကို ဖြားယောင်းသွေး ဆောင်ခဲ့တဲ့ ကျူးလွန်သူအမျိုးသမီးဟာ တရုတ်အမျိုးသားကိုယူရင်ငွေကျပ်သိန်း ၆၀ ရမှာဖြစ်ပြီး ကလေးတစ်ဦးမွေးပေးပြီးရင် မြန်မာပြည်ကို ပြန်လာနိုင်တယ်လို့ မက်လုံးပေးစည်းရုံးခဲ့တာပြီး မြစ်ကြီးနားမြို့ကတဆင့်တရုတ်ကိုရောင်းချဖို့ ပြင်ခဲ့တာလို့ ရဲမှတ်တမ်းက ဖော်ပြပါတယ်။
ဒါ့အပြင် ပဲခူးမြို့က အသက် ၁၇ နှစ်အ ရွယ် အမျိုးသမီးငယ်ကို တရုတ်အမျိုး သားတစ်ဦးနဲ့ ရက်တိုပေါင်းသင်းဖို့ စီစဥ်ရောင်းချခဲ့တဲ့ အမျိုးသမီးကို လူကုန်ကူးပုဒ်မနဲ့ ထောင်ဒဏ်နှစ် ၂၀ ကျခံဖို့ ဇွန် ၃၀ ရက်မှာ ပဲခူးခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။
အဲ့ဒီမိန်းကလေးငယ်ဟာ ပဲခူးမြို့ကစားသောက်ဆိုင်တစ်ခု စားပွဲထိုးလုပ်ကိုင်နေတာဖြစ်ပြီး ရန်ကုန်မှာ တရုတ်အမျိုးသားတစ်ဦးနဲ့ ရက်တိုပေါင်းသင်းနေထိုင်ဖို့ငွေကျပ်သိန်း ၅၀ ရမယ်လို့ သွေးဆောင်စည်းရုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် အသက်ပြည့်ပြီးပါက တရားဝင်ငွေကျပ်သိန်း ၁၅၀ နဲ့ တင်တောင်းပြီး တရုတ်နိုင်ငံကို ခေါ်ဆောင်သွားပြီး တရုတ်အမျိုးသားက ထောက်ပံ့မယ်ဆိုတဲ့ မက်လုံးလည်းပေးခဲ့တယ်လို့ သိရပါ တယ်။
စစ်အာဏာသိမ်းယူပြီးနောက်မှာ အလုပ်အကိုင်ရှားပါးတာ ၊ ကုန်ဈေးနှုန်းတွေ ၄ ဆ နီးပါး မြင့်တက်လာတာတွေကြောင့် ပြည်တွင်းမှာနေထိုင်တဲ့ အမျိုး သမီးငယ်တွေကို မက်လုံးပေးသွေး ဆောင်စည်းရုံးပြီး တရုတ်အမျိုးသားတွေနဲ့ ပေါင်းသင်းနေထိုင်ဖို့ လုပ်ဆောင်လာတာတွေ တွေ့လာရပါတယ်။
ဒီလို့ တရုတ်မယားလုပ်ဖို့ ၊ တရုတ်အမျိုး သားနဲ့ ပျော်ပါးဖို့ စည်းရုံးလာတာတွေဟာ အလုပ်အကိုင်ရှားပါးတဲ့ ပြဿပေါ်ကို အခြေခံပြီး ပစ်မှတ်ထားလုပ်ဆောင်လာတာဖြစ်တယ်လို့ ရန်ကုန်မြို့မှာ အဆောင်ငှားရမ်းနေထိုင်သူအမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။
“Viber ကနေ ဆက်သွယ်လာတာကြုံဖူးတယ်။ ကျွန်မကလည်း အလုပ်ရှာနေတုန်းအချိန် အဆောင်ခပေးဖို့ အခက်အခဲဖြစ်နေတဲ့အချိန်မှာ လာပြောခံရတာ။ ကျွန်မကတော့ ဆဲလွှတ်လိုက်တယ်။ အလုပ်တွေက ရှားပါး၊ ရတဲ့အလုပ်ကလည်း ပေးတဲ့လစာနဲ့ မလောက်င သူတို့က ဒါတွေသိတယ်။ သိတာကလည်း ကိုယ့် မြန်မာမိန်းမတွေ သားသမီးချင်းကိုယ်ချင်းမစာ ချိတ်ပေးနေတာ။ နင်ဘဲလုပ်လိုက်ဆိုပြီး ပြန်ပြောဖူးတယ်”လို့ ဆိုပါတယ်။
တရုတ်အမျိုးသားတွေအတွက် မယားတော််ဖို့ ၊ အချိန်ပိုင်း အတူနေဖို့ ကိစ္စတွေဟာ စစ်အာဏာသိမ်းပြီးနောက် လူမှုကွန်ရက်တွေကနေ တရားဝင်လုပ်ငန်းသဖွယ် ပြောဆို စည်းရုံးလာတာတွေရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ တွင် တွင်ကျယ်ကျယ် ဖြစ်ပေါ်လာတာကို တွေ့မြင်နေရပါတယ်။
ဓာတ်ပုံ- CJ


