ရန်ကုန်တွင် စစ်တပ်က ရက်သတ္တပတ်အတွင်း မြို့နယ် ၆ မြို့နယ်က လူ ၁၄ ဦးကိုဖမ်းဆီးခေါ်ဆောင်တာတွေရှိခဲ့တယ်လို့ Rangoon Scout Network ကဒီကနေ့ စက်တင်ဘာ ၂၉ ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဒေါပုံ၊ မြောက်ဥက္ကလာ၊ အင်းစိန်၊ တောင်ဥက္ကလာ၊ လှိုင်သာယာနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တို့ကနေ ဖမ်းဆီးခံခဲ့ကြရတာဖြစ်တယ်လို့ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ သတင်းအရ ရှာဖွေဖမ်းဆီးခံရသူ ၇ ဦး၊ ရမ်းသမ်းဖမ်းဆီးခံရသူ ၃ ဦး၊ စစ်ဆေးပြီး ဖမ်းဆီးခံရသူ ၁ ဦးနဲ့ ဖမ်းဆီးခံရတဲ့ပုံစံ မသိရသူ ၃ ဦးတို့ ပါဝင်တယ်လို့ဆိုပါတယ်။
သတင်းအရ ရှာဖွေဖမ်းဆီးခံရသူ ၇ ဦး အနက် ၆ ဦးကို တော်လှန်ရေးလှုပ်ရှားတယ်လို့ စွပ်စွဲပြီး လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပြီး ကျန် ၁ ဦးကိုတော့အွန်လိုင်းပေါ် စစ်တပ်ဝေဖန်စာများရေးတယ်လို့ဆိုကာ ကြေညာချက်ထုတ်ပြန်ပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။
ဒါ့အပြင် ရမ်းသမ်းဖမ်းဆီးခံရသူ ၃ ဦးမှာ ဘီယာဆိုင်ကနေအပြန် လမ်းပေါ်ကနေ ဆွဲခေါ်ခံရတာဖြစ်ပြီး၊ စစ်ဆေးပြီး ဖမ်းခံရသူတစ်ဦးကိုတော့ တက္ကစီကားကို တားစစ်ကဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ကျန် ၃ ဦးကိုတော့ ရဲစခန်းကို ဖမ်းခေါ်သွားတယ်လို့သာ သိရပြီး ဖမ်းဆီးခံရတဲ့အကြောင်းရင်းနဲ့ပုံစံကို မသိရပါသေးဘူးလို့ ဖမ်းဆီးတဲ့ဖြစ်စဉ်ကို တဦးချင်းအ လိုက်အသေးစိတ်ဖော်ပြထားတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ စက်တင်ဘာ ၈ ရက်ကနေ ၁၄ ရက်နေ့ ရက် သတ္တပတ်တာကုလတုန်းကလည်း ရန်ကုန်မြို့နယ် ၁၀ မြို့နယ်ကနေ လူ ၃၃ ဦးကို ဖမ်းဆီခေါ်ဆောင်သွားသေးတယ်လို့ Rangoon Scout Network ဖော်ပြခဲ့ပါသေးတယ်။
စစ်ကော်မရှင်က ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာအပြီးမှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်စုံကို ဧည့်စာရင်းစစ် ဆေးတာတွေလည်း ခပ်စိတ်စိတ်ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။
ဓာတ်ပုံ- MOI (ပုံဟောင်း)


