Homeပြည်တွင်းသတင်းရန်ကုန်တိုင်း မြို့နယ်တချို့မှာ စားအုန်းဆီတွေကို ဆီထုတ်ယူခွင့်စာအုပ်နဲ့ စတင်ရောင်းချ

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ စားအုန်းဆီတွေကို ဆီထုတ်ယူခွင့်စာအုပ်နဲ့ စတင်ရောင်းချ

၄ စက်တင်ဘာ၊ ၂၀၂၄

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ စားအုန်းဆီတွေကို ဆီထုတ်ယူခွင့်စာအုပ်နဲ့ စက်တင်ဘာ ၄ ရက် ဒီနေ့မနက်က စပြီး ဝယ်ယူရတယ်လို့ ကိုယ်တိုင်ဆီတန်းစီသူတွေဆီက သိရပါတယ်။

နေထိုင်တဲ့ ရပ်ကွက်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ထုတ်ပေးတဲ့ ဆီဝယ်ယူခွင့်စာအုပ်တွေနဲ့ လူတစ်ဦးကို ဆီ ငါးဆယ်သားနှုန်းနဲ့ ဆီ တစ်ပိဿာကို ကျပ် ၇၀၀၀ ပေးဝယ်ရတယ်လို့ သိရပါတယ်။

စာရွက်အလိုက်တုံကင်စီသူတွေကို ဒီနေ့ တစ်ရက်ပဲ နောက်ဆုံးပေးသွားမှာ ဖြစ်ပြီး နောက်နေ့ကစလို့ ဆီစာအုပ်နဲ့သာ ဝယ်ယူခွင့်ရတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။ အရင်က စားသုံးဆီခေါ် စားအုန်းဆီကို မနက်စောစောက တန်းစီစောင့်ဆိုင်းပြီး ဝယ်ရတာပါ။

ပြီးခဲ့တဲ့လပိုင်းကစလို့ ဆီကို ရပ်ကွက်ရုံးက ပေးတဲ့ ဆီတိုကင်စာရွက်နဲ့အတူ အိမ်ထောင်စုစာရင်းမိတ္တူ၊ ဧည့်စာရင်းမိတ္တူ ပြပြီး ဝယ်ရပါတယ်။ ဒီနေ့ကစပြီး ဆီဝယ်ယူခွင့် စာအုပ်နဲ့ သမဝါယမစနစ်အတိုင်း ဝယ်ယူနေရပြီလို့ ပြည်သူတစ်ဦးက ဆိုပါတယ်။

စားအုန်းဆီမှာ စစ်ကောင်စီ သတ်မှတ်ဈေး တစ်ပိဿာ ၇၀၀၀ ဖြစ်ပေမဲ့ အပြင်ပေါက်ဈေးက ၁၇၅၀၀ ကျပ်အထိ မြင့်တက်နေတာကြောင့် အိမ်ထောင်တစ်စု ဆီ ၅၀သား ရဖို့အရေး မနက် ၅နာရီ ဝန်းကျင်က စပြီး သုံးနာရီလောက်တန်းစီပြီး စောင့်ဝယ်နေကြတာပါ။

စစ်ကောင်စီက စားအုန်းဆီကို တစ်နှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ဖိုး တင်သွင်းနေရတဲ့အတွက် ပြည်တွင်းမှာ ဆီပိုထုတ်နိုင်ဖို့နဲ့ စားအုန်းဆီ တင်သွင်းမှုတွေကို လျှော့ချစားသုံးဖို့ ဖိအားပေးထားပြီး နောက်မှာ ဆီစာအုပ်နဲ့ ဝယ်ယူရတာလို့ သိရပါတယ်။

စားအုန်းဆီ ဆီထုတ်ယူခွင့်စာအုပ်တွေကို သန်းခေါင်စာရင်း ၊ ဧည့်စာရင်း ရှိသူတွေကို တစ်အိမ်ထောင် တစ်အုပ် ထုတ်ပေးတာဖြစ်ပြီး ဆီစာအုပ်နဲ့ ဆီရောင်းချပေးတဲ့စနစ်ကို ထွေ/အုပ်နဲ့ ဆီအသင်းတို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်။

ဆီစာအုပ်တွေကို တချို့ ရပ်ကွက်ရုံးတွေမှာ တစ်အုပ် ၂၀၀၀ နှုန်းနဲ့ လုပ်ပေးနေတယ်လို့ သိရပါတယ်။

ပုံစာ – (ဆီတန်းစီနေသူတွေနဲ့ ဆီဝယ်ယူခွင့်စာအုပ်နမူနာ)

Photo – CJ

ဆက်စပ် သတင်းများ

Most read