၄ ဖေဖော်ဝါရီ ၂၀၂၆
ရန်ကုန်တိုင်းအတွင်း စက်မှုလုပ်ငန်းသုံး လျှပ်စစ်မီတာ ယူနစ်ခတွေကို တိုးကောက်မယ်လို့ အကြောင်းကြားလာတာကြောင့် ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ ရန်ကုန်က အသေးစားစက်မှုလုပ်ငန်းရှင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ရန်ကုန်တိုင်းမှာ ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံတစ်ရုံကို တည်ဆောက်ပြီးစီးထားပြီး အဲ့ဒီစက်ရုံက ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားတွေကို စက်မှုဇုန်တွေ၊ စက်မှုလုပ်ငန်းသုံးတွေကို ဦးစားပေး ဖြန့်ဖြူးသွားမယ်လို့ ပြောဆိုလာပြီးနောက်မှာ စက်မှုလုပ်ငန်းသုံး မီတာယူနစ်ခတွေကို တိုးကောက်လာတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကော်မရှင် လျှပ်စစ်ဝန်ကြီးဌာနက စက်မှုလုပ်ငန်းသုံး မီတာခတွေကို ၁ ယူနစ်ကနေ ယူနစ် ၅,၀၀၀ အထိကို ၂၅၀ ကျပ်နှုန်း၊ ယူနစ် ၅,၀၀၀ ကနေ ယူနစ် ၂၀,၀၀၀ အထိကို ၄၀၀ ကျပ်နှုန်း၊ ယူနစ် ၂၀,၀၀၀ အထက်ကိုတော့ ၅၀၀ ကျပ်နှုန်းနဲ့ကောက်ခံနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် LNG သုံးပြီး စက်မှုဇုန်တွေကို ၂၄ နာရီ မီးပေးနိုင်မယ်ဆိုရင်တော့ စက်မှုလုပ်ငန်းသုံး မီတာယူနစ်ခကို တစ်ယူနစ် ၉၀၀ ကျပ်နှုန်းနဲ့ ကောက်ခံသွားမယ်လို့ လုပ်ငန်းရှင်တွေကို အကြောင်းကြားလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“မီးပုံမှန်ရမယ်ဆိုလို့ ထုတ်ကုန်ပိုထုတ်နိုင်မယ်ထင်ပြီး ဝမ်းသာမဆုံးသေးဘူး။ အခုကျတော့ ယူနစ်ခကို တစ်ယူနစ်ကိုးရာဆိုတော့ တစ်လတစ်လ ဆောင်ရတဲ့ ကုန်ကျစရိတ် မနည်းဘူး။ ကိုယ်က လုပ်ငန်းကို ရပ်လို့လည်း မရတော့ ဈေးကွက်ထဲမှာ ကုန်ပစ္စည်းဈေးတွေ တက်လာတာ မဖြစ်မနေ ဖြစ်လာမယ်”လို့ စက်မှုလုပ်ငန်းရှင်က ပြောပါတယ်။
ရန်ကုန်မြို့နေပြည်သူတဦးကလည်း “နောက်ဆုံးတော့ ထိခိုက်ရတာက ပြည်သူတွေပါပဲ။ အခုတောင် ကော်ဖီမစ် သုံးဆယ်ထုပ်ပါတစ်ထုတ်ကို ၁၄,၀၀၀ ကနေ ၁၅,၅၀၀ အထိ တက်သွားပြီ။ အခြား ကုန်ပစ္စည်းတွေပါ အများကြီးတက်နေတယ်။ ဝင်ငွေက မတိုးလာဘဲ ဈေးတွေချည်း တက်နေတာ အောက်ခြေလူထုအတွက် ပိုခက်လာတယ်”လို့ ပြောပါတယ်။
ဒါပေမယ့် အိမ်သုံး မီတာခတွေကိုတော့ ယခင်အတိုင်း၊ ၁ ယူနစ်ကနေ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နဲ့ အထက်ကို ၃၀၀ ကျပ်နှုန်းနဲ့ ဆက်လက်ကောက်ခံသွားမယ်လို့ သိရပါတယ်။
အဲ့ဒီအပြင် ရန်ကုန်မြို့က မြို့နယ်တွေမှာ ဖေဖော်ဝါရီ ၂ ရက်ကစပြီး တစ်ရက်ကို မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိ တစ်ကြိမ် အုပ်စု ၂ စုခွဲပြီး ၄ နာရီကြာ အလှည့်ကျ လျှပ်စစ်ဓာတ်အား ပြတ်တောက်မယ်လို့ ရန်ကုန်လျှပ်စစ်ကော်ပိုရေးရှင်း (YESC) က ကြေညာထားပါတယ်။


