ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကြက်ဘဲဈေးအရှေ့မှာ ဒီကနေ့ စက်တင် ဘာ ၂၃ ရက် မနက် ၄ နာရီအချိန်ခန့်မှာကြက်တွေတင်ဆောင်လာတဲ့ ကြက်တင်ကား ၃ စီး ဆင့်တိုက်ရာကနေ ၂ ဦး အ သက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီကားတိုက်မှုဟာ ကြက်တင်ဆောင်လာတဲ့ ယာဉ် ၃ စီး ရှေ့ဆင့်နောက်ဆင့် တိုက်မိရာကနေ လူ ၁ ဦး နေရာတွင်ပင်သေဆုံးပြီး ကျန် ၄ ဦးဟာ စိုးရိမ်ရ (အနီရောင်အဆင့်)နဲ့ ဆေးရုံကိုပို့ဆောင်ခဲ့ရတာဖြစ်ပြီး ဆေးရုံအရောက်မှာ ၁ ဦးထပ်မံသေဆုံးခဲ့တယ်လို့ ရှင်သန်ရေးလူမှုကူညီမှုအသင်းကနေ သိရပါတယ်။
“ကြက်ဘဲဈေးက မနက်အစောပိုင်းတွေဆို နယ်တွေက ကြက်ကားတွေဝင်လာပြီ၊ အဲဒီနားအရမ်းရှုပ်တယ်။လမ်းဆုံလည်းဖြစ်နေတော့ ပိုဆိုးတယ်။ကားတိုက်မှုကလည်း ခဏခဏဆိုသလိုဘဲဗျာ။ ကြက်ဘဲဈေးကိုပြောင်းမယ်လို့တော့ကြားတယ် အခုထိတော့ အကောင်အထည်ဖော်တာမတွေ့ရသေးဘူး ပြောင်းလိုက်ရင်တော့ ယာဉ်ကြောကြပ်တာတွေ ကားတိုက်မှုတွေနည်းသွားမယ် ဈေးဘက်ကို လမ်းချဲ့လိုက်ရင် ကွေ့ကြောအတွက် ပိုကျယ်သွားမယ်”လို့ ပုသိမ်ညွှန့်ရပ်ကွက်နေထိုင်သူတဦးက။ New Day Myanmar ကိုပြောပါတယ်။
မနေ့က စက်တင်ဘာ ၂၂ ရက် ညနေပိုင်းအချိန်မှာလည်း ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာချောက်အနီးမှာ Light Truck ကားနဲ့ YBS ကား တိုက်မိခဲ့ရာ Light Truck ယာဉ်မောင်း အမျိုးသားတဦး ဘယ်ခြေထောက်ကြေမွပျက်စီးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
ဓာတ်ပုံ- ရှင်သန်ရေးကူညီမှုအသင်း


