Homeပြည်တွင်းသတင်းရန်ကုန်ကို စစ်ရှောင်လာတဲ့ လူဦးရေစာရင်းကောက်ခံ ဖို့ စစ်ကောင်စီညွှန်ကြား

ရန်ကုန်ကို စစ်ရှောင်လာတဲ့ လူဦးရေစာရင်းကောက်ခံ ဖို့ စစ်ကောင်စီညွှန်ကြား

၂၄ ဇန်နဝါရီ ၊ ၂၀၂၅

ရန်ကုန်ကို စစ်ဘေးရှောင်လာတဲ့ လူဦးရေစာရင်းကိုကောက်ခံဖို့အတွက် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေထံကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

နိုင်ငံတဝန်းတိုက်ပွဲတွေဖြစ်လာပြီးနောက် ရန်ကုန်ကိုအများအပြားစစ်ဘေးရှောင်လာကြပြီး ၎င်းတို့အနက် ရှမ်းပြည်နယ် မြောက်ပိုင်း နဲ့ ရခိုင်ပြည်နယ်ကအများဆုံး စစ်ဘေးရှောင်လာကြတာဖြစ်ပါတယ်။

ရန်ကုန်ကို စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေ ရဲ့ စာရင်းကို ရရှိဖို့ မြို့နယ်အလိုက် စာရင်းကောက်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“တိုက်ခန်းငှားထားတဲ့ မြေပိုင်ရှင်တွေအနေနဲ့ရော၊ ကိုယ့်အိမ်ကိုယ့်ယာနဲ့နေတဲ့သူတွေအနေနဲ့ရော ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ စစ်ရှောင်လာတဲ့သူတွေရှိရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြားဖို့နဲ့ ဧည့်စာရင်းကိုလည်းမပျက်မကွက်တိုင်ဖို့ အုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်ပြောတာတွေ လုပ်နေတယ်။”လို့ တောင်ဥက္ကလာပ မြို့နယ်မှာ နေထိုင်သူ တဦးက New Day Myanmar ကိုပြောပါတယ်။

ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့မှာတော်လှန်ရေးတပ်ဖွဲ့အမျိုးမျိုးတို့နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။

တိုက်ပွဲတွေကြောင့် ၂၀၂၄ ခုနှစ်အကုန်၌ ပြည်တွင်း နေရပ်စွန့်ခွာသူ ဦးရေ ၃ ဒသမ ၅ သန်းကျော်လွန်ခဲ့ပြီဖြစ်တယ်လို့ UNOCHA စာရင်းတွေ အရ သိရပါတယ်။

ပုံစာ ဧည့်စာရင်းစစ်ဆေးမှုပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read