ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုရဲ့သမီးဖြစ်သူ မမိုးဆန်းစုကြည်ကို စစ်ကော်မရှင်က အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂(က) နဲ့ ထပ်မံအမှုဖွင့် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
မနေ့ ဩဂုတ် ၇ ရက်က မမိုးဆန်းစုကြည်ကို သာယာဝတီမြို့နယ် ရဲတပ်ဖွဲမှုးကိုယ် တိုင် အကျဉ်းထောင်ထဲအထိ ကားနဲ့ လာခေါ်ထုတ်သွားပြီး ညနေပိုင်းမှာအကျဉ်းထောင်ကို ပြန်ပို့ခဲ့တယ်လို့ New Day Myanmar ရဲ့သတင်းရင်းမြစ်က ပြောပါတယ်။
“ပေးကိုမလွှတ်ချင်တဲ့ သဘောဖြစ်နေတယ်။ သူက လွတ်ဖို့သိပ်မလိုတော့ဘူး။ အရင်တခေါက်ကလည်း လွတ်ခါနီးနောက်မှုကပ်ပြီး ပြန်ဆွဲထည့်တယ်။ အခုလည်း ဒီလိုပါဘဲ။သိသာနေတာဘဲ ကျန်တာပြောဖို့မရှိပါဘူး”ဟု မမိုးဆန်းစုကြည်နဲ့နီးစပ်သူတစ်ဦးကဆိုပါတယ်။
မမိုးဆန်းစုကြည်ဟာ ကနဦးမှာ ၅၀၅(ခ) နဲ့တစ်ကြိမ်၊ ပုဒ်မ ၁၇(၁)နဲ့တစ်ကြိမ် မတရားပုဒ်မတွေကပ်ပြီး စုစုပေါင်းထောင် ၆ နှစ်ကျခံနေရသူဖြစ်ပါတယ်။
အခုနောက်ထပ်ထပ်စွဲလိုက်တဲ့ ပုဒ်မဟာ ၅၂(က)ဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေစုံစမ်းသိရှိရပြီး၊ အဲ့ဒီပုဒ်မဟာ အနည်းဆုံးထောင်ဒဏ် ၃နှစ်ကနေ ၇ နှစ်အထိချမှတ်နိုင်တယ်လို့သိရပါတယ်။
သူမကို ၂၀၂၁ ခုနှစ် မေ ၉ရက် ညနေပိုင်းက ရန်ကုန်မြို့ လှည်းတန်းမှာရှိတဲ့ သူမနေထိုင်ရာ တိုက်ခန်းမှာလာရောက်ဖမ်း ဆီးသွားခဲ့တာဖြစ်ပြီး၊ နိုင်ငံတော်အ ကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီနောက် သူမကို ၅၀၅(ခ)နဲ့ အင်းစိန်အကျဥ်းထောင်ကနေ သာယာဝတီထောင်ကိုပို့ဆောင်ခဲ့ပြီးနောက် လွတ်ရက်နီးလာတဲ့အချိန်မှာ အင်းစိန်ထောင်ကို ပြန်ပို့ ဆောင်ကာ ပုဒ်မ ၁၇ (၁)နဲ့ထပ်မံတရားဆွဲဆိုပြီး သာယာဝတီထောင်ကို ပြန်လည်ပို့ဆောင်ခံထားရတာဖြစ်ပါတယ်။
သူမဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဗဟိုလူငယ်တာဝန်ခံတဦးဖြစ်ပါတယ်။
ဓာတ်ပုံ -ပုံဟောင်း


