၂၂ နိုဝင်ဘာ၊ ၂၀၂၄
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ကျေးရွာပေါင်း ၂၀ ကျော်က လူပေါင်း ရာနဲ့ချီပြီး ငှက်ဖျားရောဂါကူးစက်နေပြီး သေဆုံးသူ ၅ ယောက်ထိ ရှိနေကြောင်း ဒေသခံတွေက ပြောဆိုနေပါတယ်။
မင်းပြားမြို့နယ်က ကျီးမချေ၊ ကျီးမကြီး၊ င/လင်ကြီး၊ နတ်ထောက်၊ ခွီးချီးမြောင်၊ ဇိုင်ချောင်း၊ ပန်းမြောင်း၊ ထိန်ပင်၊ ရွှီတောင်၊ အညှင်းတောင်၊ ပုလဲတောင်၊ မင်းဖူး၊ ဒိုင်းသား၊ ဝါးတောင်၊ မြင်းကဆိပ်၊ ခွဆုံ စတဲ့ ကျေးရွာ တွေနဲ့ တခြားကျေးရွာတွေမှာ ငှက်ဖျားရောဂါ ဆိုးဆိုးရွားရွား ဖြစ်ပွားနေပြီး ဆေးခန်းရှိပေမယ့် ကျန်းမာရေး ဝန်ထမ်းနဲ့ ဆေးဝါး အလုံအလောက် မရှိတဲ့အတွက် ဆေးကုသဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အတည်မပြုနိုင်သေးတဲ့ဒေသတွင်းသတင်းတွေအရ ငှက်ဖျားရောဂါကူးစက်ခံရသူ လူ ၂၀၀ ဝန်းကျင် ရှိနေတယ်လို့သိရပြီး စစ်ကောင်စီဘက်က လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ထားတာကြောင့် ဆေးတွေ ရှားပါးနေတယ်လို့ သိရပါတယ်။
AA နဲ့အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပံ့ပေမယ့် လိုအပ်နေသေးတယ်လို့ ဆိုကြပါတယ်။
မင်းပြားက ဒေသခံအများစုဟာ တော၊ တောင်တွေကို အဓိကထား မှီခိုပြီး လုပ်ကိုင်စားသောက်နေရပြီး ခြင်ကိုက်ခံရတာကတဆင့် ငှက်ဖျားပိုး ကူးစက်ခံရတာဖြစ်သလို လူနေထူထပ်တာ၊ တနေရာနဲ့ တနေရာ စစ်ရှောင်ရင်း ရွှေ့ပြောင်းသွားလာရတဲ့သူ များတာတွေကြောင့် ရောဂါပိုပြီး အဖြစ်များလာတယ်လို့ ကျန်းမာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
ငှက်ဖျားရောဂါဟာ ခြင်ကိုက်ခံရခြင်းမှ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက် များခြင်း၊ အော့အန်ခြင်း စတဲ့ လက္ခဏာတွေ ပြပြီး အချိန်မီ ဆေးကုသမှုမခံယူပါက အသက်သေ ဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။
မင်းပြားမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း လေးမြို့မြစ်က ဆင်းလာတဲ့ရေနဲ့ ရခိုင်ရိုးမပေါ်က ဆင်းလာတဲ့ရေတွေကြောင့် ဖုံသာချောင်းရေကြီးပြီး ကျေးရွာ ၂၆ ရွာရှိတဲ့အထဲက ၁၃ ရွာ ရေလွှမ်းမိုးခဲ့ပြီး အိမ်ခြေ ၂၀၀ ကျော် ရေထဲ မျောပါသွားပါတယ်။
မင်းပြားမြို့နယ်ကို အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီထဲက သိမ်းပိုက်ထိန်းချုပ်ထား တာဖြစ်ပါတယ်။
Photo – CJ