Homeပြည်တွင်းသတင်းရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင်း တိုက်ပွဲပြင်းထန် ၊ ဒေသခံ သုံးသောင်းဝန်းကျင် ပိတ်မိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင်း တိုက်ပွဲပြင်းထန် ၊ ဒေသခံ သုံးသောင်းဝန်းကျင် ပိတ်မိ

၂၁ နိုဝင်ဘာ၊ ၂၀၂၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ထဲမှာ မြို့တွင်းတိုက်ပွဲဖြစ်နေပြီး ဒေသခံပြည်သူ သုံးသောင်းဝန်းကျင် မြို့တွင်းမှာ ပိတ်မိနေပြီး အရပ်သားသေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသသတင်းတွေက ဖော်ပြပါတယ်။

နိဝင်ဘာ ၁၅ ရက်ကစပြီး အာရက္ခတပ်တော်(AA) နဲ့ စစ်ကောင်စီဟာ တောင်ကုတ်မြို့တွင်း ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီး နိုဝင်ဘာ ၁၇မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အရင်ရက်က AA ဘက်က ထိုးစစ်ရပ်ပြီး ဒေသခံပြည်သူတွေကို မြို့ပြင်ကို စစ်ရှောင်ခိုင်းထားပေမယ့် မြို့တွင်းရှိလူအကုန် မထွက်သွားနိုင်ခဲ့ဘဲ တချို့မှာမြို့တွင်းမှာ ပိတ်မိနေသေးတယ်လို့သိရပါတယ်။

စားသောက်စရာတောင် ခက်ခဲနေပြီး မပစ်တဲ့ဘက်ကို ပြေးပုန်းနေရတာမျိုးလည်း ရှိနေတယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေကြောင့် နိုဝင်ဘာလ ၁၇ ရက်က အသက် ၄၀အရွယ် LGBT ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်က ဒရုန်းနဲ့ဗုံးကြဲပြီး လက်နက်ကြီး ပစ်ခတ်တာကြောင့် တောင်ကုတ်မြို့၊ရန်ခိုကျေးရွာက အရပ်သား ၄ ဦးသေဆုံးခဲ့ပါတယ်။

နိုဝင်ဘာလ ၁၉ ရက် မနက်ပိုင်းက တောင်ကုတ်မြို့ သင်္ချီကိုင်းရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အမျိုးသမီးတစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ပါတယ်။

တောင်ကုတ်မြို့မှာ စစ်ကောင်စီ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ် စကခ(၅) ၊ခမရ (၃၄၆) နဲ့ ခမရ (၅၄၄) တပ်ရင်းတို့သာ သိမ်းပိုက်ဖို့ ကျန်တော့တယ်လို့ သိရပြီး ဒီစခန်းတွေက လက်နက်ကြီးနဲ့နေ့တိုင်းပစ်ခတ်နေတဲ့အပြင် လေကြောင်းကလည်း ရခိုင်တိုက်ပွဲတစ်နှစ်ပြည့်တဲ့ နိုဝင်ဘာလ ၁၃ ရက်ထဲက နေ့တိုင်း တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

AAဟာ ၂၀၂၃ နိုဝင်ဘာ ၁၃ရက်က ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး စစ်ဆင်ရေး တစ်နှစ်အတွင်း ရခိုင်ပြည်နယ်ထဲက မြို့ပေါင်း ၁၄မြို့နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ကို ထိန်းချုပ်ထားပြီး အမ်း၊ မောင်တော၊ တောင်ကုတ်၊ ဂွ မြို့နယ်တို့ကို အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေပါတယ်။

Photo – AA Info Desk

ဆက်စပ် သတင်းများ

Most read