အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်ထဲကို စစ်ကော်မရှင်က ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်မွန်းလွဲပိုင်းအချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ဒီနေ့မှာ ဗုံးကြဲတိူက်ခိုက်မှုဟာ အရင်စစ်ကော်မရှင်တွေ စခန်းချထားတဲ့နေရာအနီးတဝှက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ မြို့မရပ်ကွက် အလယ်ရွာအနီးက ကျေးလက်ရုံးဟောင်းနဲ့ စစ်တပ်ရဲ့ အ မှတ် ၅၆၃ နဲ့ ၅၆၂ တပ်ရင်းရုံးဟောင်း အနောက်ဘက်ခြမ်းက တောင်တန်းတွေကို ကြဲချခဲ့တာလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သားတွေထိခိုက်တာမျိုးတော့ မရှိပေမယ့်ကျေးလက်ရုံးအပါအဝင် ပစ္စည်းဂိုဒေါင်တွေပါ မီးလောင်ပျက်စီးနေတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်က အခုလိုတိုက်ခိုက်တာကို သူတိုမမှားသယောင် သတင်းထုတ်ပြန်နေပြီးတော့ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို (Rules of Engagement ROE) နဲ့အညီ လိုအပ်သလို ဆက်လုပ်သွားမယ်လို့ ဒီဇင်ဘာ ၁၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော်ဘက်ကလည်း စစ်တပ်ဟာ ဒီဇင်ဘာ ၁၂ ရက်ကစလို့ ဖျက်အားပြင်းဗုံး(Cluster)တွေအပြင် ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ မနေ့က ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ဒုတိယတစ်ပတ်အတွင်း ရခိုင်ထဲက အေအေထိန်းချုပ်ထားတဲ့ မြို့နယ် ၅ မြို့နယ်ထက်မနည်း လေကြောင်းတိုက် ခိုက်ခံခဲ့ရပြီး လူဒါဇင်နဲ့ချီ သေဆုံးခဲ့သလို လူဆယ်နဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။
ဓာတ်ပုံ- CJ


