Homeပြည်တွင်းသတင်းရခိုင်ပြည်နယ်အရေးမှာ လိုအပ်တာထက်ပိုပြီးမစွက်ဖက်ဖို့ NUG ကို AA တပ်မှူးချုပ် အသိပေးထားတယ်လို့ဆို

ရခိုင်ပြည်နယ်အရေးမှာ လိုအပ်တာထက်ပိုပြီးမစွက်ဖက်ဖို့ NUG ကို AA တပ်မှူးချုပ် အသိပေးထားတယ်လို့ဆို

၆ ဇွန် ၊ ၂၀၂၄

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ သီးသန့်အင်တာဗျူးမှာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG အနေနဲ့ ရခိုင်ပြည်နယ်အရေးမှာ လိုတာထက်ပိုပြီး မစွက်ဖက်ဖို့ AA ဘက်က မေတ္တာရပ်ခံအသိပေးထား တဲ့အကြောင်း ပြောဆိုသွားတယ်လို့ VOA သတင်းဌာနက ဖော်ပြပါတယ်။

NUG ကို တတိုင်းပြည်လုံးအတိုင်းအတာဖြင့် မျှော်လင့်ချက်ထားနေပေမယ့် NUG ရဲ့ လုပ်ဆောင်ချက် တချို့ကို သဘောမကျမှုတွေ ရှိနေတယ်လို့ AA တပ်မှူးချုပ်က ပြောဆိုသွားတယ်လို့ အင်တာဗျူးမှာ ဖော်ပြထားပါတယ်။

“ရခိုင်အရေးမှာ မဖြစ်မနေပြောရတယ် ဆိုတဲ့ အတိုင်းအတာကိုလည်း လက်ခံတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေက လိုတာထက် မပိုဖို့လည်း ကျနော်တို့ မျှော်လင့်တယ်။ ဒါကြောင့် ကျနော်တို့က ဒီတလောက ယဉ်ယဉ်ကျေးကျေးနဲ့ မေတ္တာရပ်ခံတဲ့အကြောင်း စာကိုလည်း ပို့ထားပါတယ်” လို့ ဗိုလ်ချုပ်ထွှန်းမြတ်နိုင်က ပြောသွားပါတယ်။

ဘူးသီးတောင်တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် AA က မွတ်ဆလင်တွေကို လူ့အခွင့်ရေးချိုးဖောက်နေတဲ့ အပေါ် စိုးရိမ်တယ်လို့ NUG က မေ ၂၁ရက်မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဘူးသီးတောင်မှာ AA ဘက်က မွတ်ဆလင်နေအိမ် ၅,၀၀၀ ခန့်ကို မီးရှို့ပြီး လူ ၁၀၀ ဝန်းကျင်ကို သတ် ဖြတ်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာတဲ့အတွက် မွတ်ဆလင်အရေးလှုပ်ရှားသူတွေ၊ NUG လူ့အခွင့် အရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂအပါအဝင် တခြားအဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ်တွေက မြေပြင်က အမှန် တရားကို ထုတ်ပြန်အရေးယူပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒီဖြစ်ရပ်ကို ငြင်းဆိုထားပြီး စစ်ရေးနယ်မြေမှာ ပြည်သူတွေ အသက်လုံ ခြုံရေးဟာ အရေးအကြီးဆုံးလို့ ခံယူထားပြီး AA တပ်သားတွေက ဒေသခံတွေကို ဘေးကင်းရာကို ပြောင်းရွှေ့ပေးတာပဲ ရှိတယ်လို့ ပြန်လည် ကြေညာထားပါတယ်။

AA ဟာ NUG အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေ ၊ DKBA၊ ရှမ်းမြောက်၊ ပလောင်၊ ကိုးကန့်၊ မြန်မာပြည်အလယ်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ကောင်းမွန်သည့်မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်ထားတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖြေထားပါတယ်။

ရခိုင်ပြည်အတွက် ကွန်ဖက်ဒရိတ်ထက် မနိမ့်တဲ့ နိုင်ငံရေးအဆင့်အတန်းကို မျှော်မှန်းပြီးလုပ်နေကြောင်းနဲ့ ရပ်တည်ချက်မပြောင်းဘဲ မရရအောင် တိုက်ယူမယ့်အကြောင်းလည်း ထည့်သွင်းပြောဆိုပါတယ်။

အာရက္ခတပ်တော်မှာ ထောင်နဲ့ချီတဲ့ အရန်အင်အားတွေကို ထည့်မတွက်လည်း တိုက်ခိုက်ရေး တပ်ဖွဲ့ဝင် အရေအတွက် ၄၀,၀၀၀ နီးပါးရှိတယ်လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသွားတယ်လို့သိရပါတယ်။

ပြည်ထောင်စုထူထောင်သည့်အခါ တစ်စုတစ်ဖွဲ့က လက်ဝါးကြီးအုပ်ချုပ်ခြင်းမျိုး မဟုတ်ဘဲ Coming Together အတူတကွပူးပေါင်းနေထိုင်ခြင်းမျိုးကို နှစ်သက်ကြောင်းနဲ့ ပြည်တွင်းပြဿနာဖြေရှင်းရာမှာ ပြည်ပလွှမ်းမိုးမှု နည်းနိုင်သမျှနည်းအောင် သတိထားဖို့ ပြောသွားတယ်။

လက်ရှိအချိန်မှာ AA သည် ရခိုင်နှင့် ပလက်ဝဒေသက မြို့နယ် (၁၀)ခုကို သိမ်းပိုက်ထားပြီး ကျန်နေတဲ့ မောင်တော၊ စစ်တွေ၊ အမ်း၊ သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ ဂွမြို့နယ်များကိုလည်း ထိုးစစ်ဆင်သိမ်းပိုက်သွားမယ်လို့ ကြေညာထားပါတယ်။

လက်ရှိမှာ မောင်တော၊ အမ်း၊ သံတွဲ မြို့နယ်တို့က စစ်ကောင်စီတပ်စခန်းတွေကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး သံတွဲမြို့နယ်မှာ အပြီးသတ်သိမ်းနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read