Homeပြည်တွင်းသတင်းရက်သတ္တပတ်ခန့် လူမြင်ကွင်းပျောက်နေတဲ့ မင်းအောင်လှိုင် နေပြည်တော်မှာ ရုရှားလုံခြုံရေးအကြီးအကဲနဲ့ တွေ့ဆုံ

ရက်သတ္တပတ်ခန့် လူမြင်ကွင်းပျောက်နေတဲ့ မင်းအောင်လှိုင် နေပြည်တော်မှာ ရုရှားလုံခြုံရေးအကြီးအကဲနဲ့ တွေ့ဆုံ

၃ ဖေဖော်ဝါရီ ၂၀၂၆

ရက်သတ္တပတ်ခန့် လူမြင်ကွင်းကနေ ပျောက်နေခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒီကနေ့ မနက်ပိုင်းမှာ နေပြည်တော်မှာ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေး ရွှိုင်းဂူ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ဘက်က ထုတ်ပြန်ချက်အရ အဆိုပါတွေ့ဆုံမှုမှာ မြန်မာနဲ့ ရုရှားတို့ကြား ပူးပေါင်းဆောင်ရွက်နေတဲ့ ကဏ္ဍအများအပြားကို ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဓိကအားဖြင့် ကာကွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍ၊ ဆိုက်ဘာလုံခြုံရေးနဲ့ သတင်းအချက်အလက်လုံခြုံရေးဆိုင်ရာကိစ္စတွေ၊ အွန်လိုင်းငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာမှာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စီးပွားရေးနဲ့ ကုန်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ အာကာသနည်းပညာ ဖွံ့ဖြိုးရေး၊ ပညာရေးနဲ့ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးကဏ္ဍတွေမှာလည်း ကျယ်ပြန့်စွာ ဆွေးနွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ဘက်ကတော့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် က မြန်မာနိုင်ငံမှာ ပါတီစုံရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကို ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီဆွေးနွေးပွဲအပြီးမှာ ရုရှားနဲ့ မြန်မာတို့ကြား ကဏ္ဍစုံ ပူးပေါင်းဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ပိုမိုနက်ရှိုင်းလာမယ်လို့ စစ်ကော်မရှင်ဘက်က ဆိုပါတယ်။

#မင်းအောင်လှိုင်#ဆာဂေးရွှိုင်းဂူ#ရုရှား#ရုရှားမြန်မာဆက်ဆံရေး#နေပြည်တော်#စစ်ကော်မရှင်#ကာကွယ်ရေး#ဆိုက်ဘာလုံခြုံရေး#အွန်လိုင်းငွေကြေးလိမ်လည်မှု#ပူတင်#နိုင်ငံရေးသတင်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး