၂၇ ဇန်နဝါရီ၊ ၂၀၂၅
စစ်အာဏာရှင်ဟောင်းဦးသန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ထောင်တွင်းတရားရုံးနဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ပြီး အိုးဘိုထောင်တွင်း သီးသန့်အဆောင်မှာ ထားရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒေါက်တာနေစိုးမောင်ဟာ စစ်ကောင်စီ အာဏာလုပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင်ကို လူမှုကွန်ယက်ကတဆင့် အမြဲဝေဖန်ပြီး NLD ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ချိန်မှာ နာရေးလိုက်ပို့ခဲ့သလို နမျောဝမ်းနည်းကြောင်း ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးအရေးယူဖို့ စစ်ကောင်စီ လက်အောက်ခံ တယ်လီဂရမ်ချန်နယ်တွေက ရေးသားပြီးနောက် စစ်ကောင်စီဘက်က ချက်ခြင်းဖမ်းအရေးယူခဲ့တာဖြစ်ပါတယ်။
သူ့ကို မန္တလေး အိုးဘိုထောင်တွင်းတရားရုံးက ပုဒ်မ ၅၀၅ (က) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ထားပြီး တခြားအကျဉ်းသားတွေနဲ့အတူထားရှိခြင်းမရှိဘဲ သီးသန့်ခွဲထားတယ်လို့ ဆိုပါတယ်။
“အိုးဘိုထောင်ထဲမှာပါ။ မနှစ်က အောက်တိုဘာထဲက စပြီးဖမ်းပြီး ထောင်ထဲမှာပဲ စစ်ပြီး သီးသန့်ဆောင်နဲ့ထားပါတယ်။ မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးဘူးလို့ ပြောကြတယ်။ အာဏာရှင်သားမက်လည်း ထောင်ထဲရောက်တော့ မင်းအောင်လှိုင်လက်ထက် သူ့လူကိုယ့်လူ ဘယ်သူ့မဆို သူ့ကို ဝေဖန်ရင်မညှာဘူးဆိုတာမျိုးပေါ့” လို့ အကျဉ်းဦးစီးဌာနဝန်ထမ်းတစ်ဦးက New Day Myanmar ကို ပြောဆိုပါတယ်။
ဒေါက်တာနေစိုးမောင်ရဲ့ ဖခင်မှာ အရင် ဒုကာကွယ်ရေးဝန်ကြီး တင်စိန်ဖြစ်ပြီး ဒေါက်တာနေစိုးမောင်ကိုယ်တိုင်ကလည်း တပ်မတော်ဆေးတပ်မှာ ဗိုလ်မှူးကြီးအဆင့်နဲ့ အငြိမ်းစားယူပြီး ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှာ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်း ရဲထွဋ်နဲ့ စစ်တပ်လော်ဘီစာတွေ အစဉ်တစိုက်ရေးသားပေးသူ ငါးမင်းဆွေတို့လည်း ဒေါက်တာနေစိုးမောင်လိုပဲ စစ်တပ်နဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဝေဖန်ပြောဆိုခဲ့တဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရပါတယ်။
ပုံစာ – လူမှုကွန်ယက်မှာ နောက်ဆုံးတင်ခဲ့တဲ့ တောင်ငူရေဘေးမှာ သွားရောက်လှူဒါန်းနေပုံ
ဓာတ်ပုံ – Screengrab from Dr Nay Soe Maung