Homeပြည်တွင်းသတင်းမှော်ဘီမှာ ဆီဘောက်ဆာအတွင်း သန့်ရှင်းရေးဝင်လုပ်သူ အမျိုးသား ၂ ဦး အောက်ဆီဂျင်ပြတ်ကာ သေဆုံး

မှော်ဘီမှာ ဆီဘောက်ဆာအတွင်း သန့်ရှင်းရေးဝင်လုပ်သူ အမျိုးသား ၂ ဦး အောက်ဆီဂျင်ပြတ်ကာ သေဆုံး

၁၀ ဖေဖော်ဝါရီ ၂၀၂၆

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ ဆီဘောက်ဆာကားအတွင်း ဝင်ရောက်ပြီး ဆီချိုး (ဂျိုး) သန့်ရှင်းရေးလုပ်နေတဲ့ အမျိုးသား ၂ ဦး အောက်ဆီဂျင်ပြတ်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီ ၁၂ မိနစ်ခန့်က မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအနီး မြို့ရှောင်လမ်းပေါ်မှာရှိတဲ့ ဂါလန် ၇,၅၀၀ ဆံ့ ဆီဘောက်ဆာကားအတွင်း သန့်ရှင်းရေးလုပ်ဆောင်နေစဉ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဆီဘောက်ဆာအတွင်းမှာ အမျိုးသား ၂ ဦး အောက်ဆီဂျင်ပြတ်ကာ ကနဦး မေ့မျောနေကြောင်း သတင်းရရှိတာကြောင့် မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ကူညီကယ်ဆယ်ခဲ့ကြတာပါ။

ဒါပေမယ့် ညနေ ၆ နာရီ ၅၅ မိနစ်အချိန်မှာတော့ အမျိုးသား ၂ ဦးစလုံးကို သေဆုံးလျက်သာ ပြန်လည်ဆယ်ယူနိုင်ခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့ဆီကနေ သိရပါတယ်။

“သေဆုံးသွားတာတော့ မှန်ပါတယ်။ ပထမပိုင်းမှာ မေ့နေတဲ့အခြေအနေပါ။ အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ပေမယ့် နောက်ဆုံးမှာတော့ လက်လွှတ်လိုက်ရပါတယ်”လို့ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

သေဆုံးသူ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းတွေကို မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ထားပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – MFSD

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး