Homeပြည်တွင်းသတင်းမွန်ပြည်နယ် အကျဉ်းထောင်နှစ်ခုမှာ၅၀၅(က)နဲ့ ဖမ်းဆီးခံထားရတဲ့ အကျဉ်း သား ၁၂ ဦး ပြန်လည်လွတ်မြောက်

မွန်ပြည်နယ် အကျဉ်းထောင်နှစ်ခုမှာ၅၀၅(က)နဲ့ ဖမ်းဆီးခံထားရတဲ့ အကျဉ်း သား ၁၂ ဦး ပြန်လည်လွတ်မြောက်

၂၈ နိုဝင်ဘာ ၂၀၂၅

မွန်ပြည်နယ်ထဲက ကျိုက်မရောဗဟိုအကျဉ်းထောင်နဲ့ သထုံအကျဉ်းထောင်မှာ ၅၀၅(က)နဲ့ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား/သူ ၁၂ ဦး ပြန်လည်လွတ် မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီး စပ်သူတွေဆီကနေ သိရပါတယ်။

အဲဒီ အကျဉ်သား/သူ ၁၂ ဦးဟာ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး၊ သထုံအကျဉ်းထောင်က အမျိုး သား ၆ ဦး ၊ စုစုပေါင်း ၁၂ ဦးကို လွတ် ငြိမ်းသက်သာခွင့် ပေးအပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်ထဲက အကျဉ်းထောင်တွေမှာတော့ တနိုင်ငံလုံးကနေ နိုင်ငံရေးပုဒ်မအမျိုးမျိုးနဲ့ အကျဉ်းကျခံနေရသူ ၃၀၀ ဦးထက်မနည်းရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ဆန္ဒမဲ ပေးပိုင်ခွင့်မဆုံးရှုံးစေဖို့နဲ့ လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ဖို့လို့ဆိုကာ ပုဒ်မ ၅၀၅ (က)အရပြစ်ဒဏ်ကျခံနေကြတဲ့ အကျဉ်း သား၊အကျဉ်းသူ ၂၃၆၁ ဦးကို ကျန်ရှိတဲ့ ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းသက် သာ ခွင့်ပြုလိုက်တယ်လို့ နိုဝင်ဘာ ၂၆ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်း ထောင်နဲ့ အကျဉ်းစခန်းအသီးသီးက အကျဉ်းသား/သူ ၇၂၄ ဦးကိုလည်း နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ တပေါင်းတည်းကျခံရမယ်ဆိုတဲ့ ခံဝန်လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသူ ၅၅၈၀ ဦးကိုလည်း စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကအမှု ပိတ်သိမ်းလိုက်တယ်လို့ ကြေညာထားပါတယ်။

ဓာတ်ပုံ-MOI

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး