၃ ဇန်နဝါရီ၊၂၀၂၅
မြောင်းမြ အကျဉ်းထောင်နဲ့ မအူပင်အကျဉ်းထောင်တွေအတွင်းမှာ အကျဉ်းချခံထားရဲ့ ရိုဟင်ဂျာလူမျိုး ၁၀၀ ကျော် လွတ်ရက်စေ့နေပြီဖြစ်ပေမယ့် စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနက အကျဉ်းသားအဖြစ် ဆက်လက် အကျဉ်းချထားဆဲဖြစ်ကြောင်း စုံစမ်းသိရှိရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင် ရာနိုင်ငံရေးအကျဉ်း သားများကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။
အကျဉ်းထောင်အသီးသီးမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးအရေးယူခြင်းခံထားရတဲ့ ရိုဟင်ဂျာလူမျိုးတွေ တွေ့ရှိရပြီး အင်းစိန်ထောင်၊ပုသိမ်ထောင်၊မြောင်းမြထောင်၊မအူပင်ထောင်၊ပြည်ထောင် တို့တွင် အဓိကထားဖမ်းဆီးအကျဉ်းချထားခြင်းဖြစ်တာကို စိစစ်သိရှိရတယ်လို့ PPNM ရဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
PPNM ရဲ့ စုံစမ်းမှုအရ မြောင်းမြအကျဉ်းထောင်တွင် လွတ်ရက်စေ့သော်လည်းပြန်ခွင့်မရသေးတဲ့ ရိုဟင်ဂျာ ၁၅၀ ဦးရှိပြီး မအူပင်အကျဉ်းထောင်တွင်လည်း ၂၀၂၄ လွတ်လပ်ရေးနေ့မှာ လွတ်မြောက်ခဲ့တဲ့ ရိုဟင်ဂျာတွေကို အချုပ်သားအနေနဲ့ ထောင်ထဲမှာ ဆက်လက်အကျဉ်းချထားဆဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
လဝကမှလာရောက်ထုတ်ယူရန် ရခိုင်ပြည်သို့လွှဲပြောင်းရန် တိုက်ပွဲပြင်းထန်နေလို့ လုပ်ဆောင်မရတာကြောင့် အကျဉ်းထောင်တွင်း ချုပ်နှောင်ထားခြင်းဖြစ်ကြောင်းစုံစမ်းသိရှိခဲ့ရပြီး ဖမ်းဆီးခံထားရတဲ့ရိုဟင်ဂျာတွေမှာ မိသားစုပါဆယ်ပို့ဆောင်ပေးမယ်သူတွေ မရှိတာကြောင့် နိူင်ငံရေးအကျဥ်းသားများမှဝိုင်းဝန်း စောင့်ရှောက်ကျွေးမွေးထားရတယ်လို့ သိရပါတယ်။
PPNMရဲ့ စုံစမ်းအတည်ပြုထားမှ ပုသိမ်အကျဥ်းထောင်တွင် ရိုဟင်ဂျာ(၁၀၀၀)ကျော်၊ မြောင်းမြ အကျဉ်း ထောင်တွင် ရိုဟင်ဂျာ ကျား/မ စုစုပေါင်း (၃၅၂) ဦး ၊မအူပင်အကျည်းထောင်တွင် ရိုဟင်ဂျာ အကျဥ်းသား ကျား(၃၂)ဦးနဲ့ မ(၆)ဦး စုစုပေါင်း (၃၈)ဦးရှိတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ရန်ကုန် အင်းစိန်အကျဉ်းထောင်အတွင်း ရိုဟင်ဂျာ (၅၀၀)ဝန်းကျင် ၊ ပြည်အကျဥ်းထောင်တွင် ရိုဟင်ဂျာ ကျား(၄၀)ဦးနဲ့ ထပ်တိုး (၂၀)ဦးရောက်ရှိခဲ့ပြီး စုစုပေါင်း(၆၀)ဦးရှိကြောင်းသိရပြီး အမျိုးသမီးအရေ အတွက်ကို အတည်ပြုရန်လိုအပ်နေဆဲဖြစ်တယ်လို့လည်းသိရပါတယ်။