Homeပြည်တွင်းသတင်းမြောင်းမြထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေအနိုင်ကျင့်နှိပ်စက်နေ

မြောင်းမြထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေအနိုင်ကျင့်နှိပ်စက်နေ

၁၄ ဩဂုတ်၊ ၂၀၂၄

မြောင်းမြအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေဖိနှိပ်အနိုင်ကျင့်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြောင်းမြအကျဥ်းထောင်၊ အိပ်ဆောင် (၃)က ဒုထောင်တာဝန်ခံ တင့်ဆွေ ၊ အဆောင်မှူး စိုးရန်နိုင် နဲ့ ကြီးကြပ်ရေးမှူး ကျော်ဇေယျတို့က ဦးဆောင်ပြီး လက်အောက်ငယ်သားတွေဖြစ်တဲ့ မုဒိန်းမှု/လူသတ်မှုနဲ့ အကျဉ်းကျနေတဲ့ နှစ်ကြီးအကျဉ်းသားမောင်အေးနဲ့အတူ အခြားအကျဉ်းသား ရဲသူအောင်(ဆေးမှု) နဲ့ တုတ်ပေါ (ဆေးမှု) ဆိုသူတွေက နိုင်ငံရေးအကျဉ်းသားတွေကို မတရား ဖိနှိပ် ရိုက်နှက် အလုပ်ခိုင်းစေမှုတွေ ပြုလုပ်နေတယ်လို့ PPNM က ထုတ်ပြန်ချက်အရ သိရပါတယ်။

မြောင်းမြအကျဥ်းထောင်၊ အိပ်ဆောင် (၃) မှာ မုဒိန်းမှု၊ လူသတ်မှုနဲ့ ပြစ်ဒဏ်ကျထားထားတဲ့ပုံစံခန်း တန်းစီး မောင်အေး က အသစ်ဝင်လာတဲ့ နိုင်/ကျဉ်း အချုပ်သားတွေဆီက ပုံစံကြေး ငါးသောင်းတောင်းပြီး မပေးနိုင်တဲ့ နိုင်/ကျဉ်းတွေကို ရိုက်နှက်နှိပ်စက်တာ၊ လုပ်အားပေးအလုပ်တွေမှာ အလုပ်ပိုခိုင်းတာတွေ ပြုလုပ်ပါတယ်။

ပုံစံကြေးပေးနိုင်တဲ့ နိုင်/ကျဉ်း တွေကိုတော့ လုပ်အားပေးသက်သာတဲ့အလုပ်တွေမှာ တာဝန်ချထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြောင်းမြအကျဥ်းထောင်မှ အရာရှိတွေက ထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ညဘက် မူးယစ်သောက်စားလာပြီး နိုင်/ကျဉ်း ဘာယာတွေကို အကြောင်းမဲ့ ခေါ်ယူပြီး ဆူပူတာ ၊ ဆဲဆိုတာ ရှိတယ်လို့ ဆိုပါတယ်။

ပုံစံကြေး ၅ သောင်းပေးပြီးတဲ့အခါ အိပ်ဆောင်မှူး၊ ထောင်ပိုင်လေးနဲ့ ထောင်မှူးကြီးအတွက် ထပ်ပြီးငွေကြေးပေးချေရတာ ရှိကြောင်း PPNM က ဖော်ပြပါတယ်။

အခန်းကုန်ကျစရိတ်ဆိုပြီး ကောက်ခံတဲ့ငွေကြေးကလည်း အင်းစိန်အကျဥ်းထောင်ကထုတ်ပေးတဲ့ ပုံစံကော်ဇော ဖယောင်းပုဆိုးတွေကို ထောင်အာဏာပိုင်တွေက ရောင်းစားပြီး အရည်အသွေးညံ့တဲ့ကောဇောတွေနဲ့ ထောင်မှာ အသုံးပြုတဲ့အတွက် အကျဉ်းသားတွေက ငွေစိုက်ဝယ်ယူရတာဖြစ်တယ်လို့ သိရပါတယ်။

မြောင်းမြထောင်မှာ အကျဉ်းသားတွေ ရပိုင်ခွင့်ရှိတဲ့ ပုံစံအင်္ကျီနဲ့ ပုံစံပုဆိုးတွေကို ရာထူးကြီးတဲ့ အရာရှိ /ညွှန်မှူးတွေလာမှ ထုတ်ဝတ်ခိုင်းပြီး ပြန်တာနဲ့ အဆောင်မှုးဆီ ပြန်အပ်ပြီး ပုံစံဖိနပ်ကိုလည်း လူ၅၀ မှာ ၇ ရံသာ ပေးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က သတင်းထုတ်ပြန်ပါတယ်။

ဆက်စပ် သတင်းများ

Most read