၁၃ ဖေဖော်ဝါရီ ၂၀၂၆
၁၉၈၃ ခုနှစ် အာဇာနည်ကုန်း ဗုံးခွဲလုပ်ကြံမှုနဲ့ ဆက်စပ်ပြီး မြောက်ကိုရီးယားသူလျိုတစ်ဦးကို ပုဇွန်တောင်ချောင်းအတွင်း သတ္တိရှိရှိ သတ်ပုတ်ဖမ်းဆီးပေးခဲ့သူ အဖြစ် လူထုကြား ကျော်ကြားခဲ့တဲ့ ဒေါ်စန်းရီ (ခ) ဓားစန်းရီ ဟာ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိပြီဖြစ်ပြီး လူကြီးရောဂါကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါ်စန်းရီ (ခ) ဓားစန်းရီဟာ ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ် မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် လာရောက်ခဲ့စဉ် အာဇာနည်ကုန်းမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲလုပ်ကြံမှုနောက်ဆက်တွဲအဖြစ် ထွက်ပြေးလွတ်မြောက်လာတဲ့ မြောက်ကိုရီးယားသူလျိုတစ်ဦးကို ပုဇွန်တောင်ချောင်းအတွင်း သတ္တိရှိရှိ တိုက်ခိုက်ဖမ်းဆီးပေးခဲ့တာကြောင့် နိုင်ငံအနှံ့ လူသိများခဲ့သူဖြစ်ပါတယ်။
အဲဒီအမှုဖြစ်စဉ်ကြောင့် ဒေါ်စန်းရီ (ခ) ဓားစန်းရီကို ပြည်သူတွေက “ဓားစန်းရီ” ဆိုတဲ့ အမည်နဲ့ မှတ်မိခဲ့ကြပါတယ်။
သူမကို ၁၉၃၃ ခုနှစ်မှာ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာမှာ မွေးဖွားခဲ့ပြီး နောက်ပိုင်းမှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရပ်ကွက် (၈) ဗညားဒလလမ်းမှာ အခြေချနေထိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။
လက်ရှိအချိန်အထိတော့ ဒေါ်စန်းရီ (ခ) ဓားစန်းရီရဲ့ ရုပ်အလောင်းကို မည်သည့်နေ့ရက်၊ မည်သည့်အချိန်မှာ သဂြိုဟ်မယ်ဆိုတာကို New Day Myanmar က ဆက်လက် စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။


