Homeပြည်တွင်းသတင်းမြေပြင်မှာ စစ်ရှုံးနေတဲ့ မြန်မာစစ်တပ်ကို SU-30 တိုက်လေယာဉ်တွေ ရုရှားပေးပို့

မြေပြင်မှာ စစ်ရှုံးနေတဲ့ မြန်မာစစ်တပ်ကို SU-30 တိုက်လေယာဉ်တွေ ရုရှားပေးပို့

၇ ဇန်နဝါရီ၊ ၂၀၂၅

စစ်လက်နက်နဲ့ လေယာဉ်၊ လေယာဉ်စက်ပစ္စည်းအစိတ်အပိုင်းတွေ ဝယ်ယူခွင့်ပိတ်ပင်ခံထားရတဲ့ မြန်မာစစ်ကောင်စီက မှာယူထားတဲ့ ရုရှားထုတ် Su-30 SME တိုက်လေယာဉ်တွေကို ဒီဇင်ဘာလက ပေးပို့ထားတယ်လို့ ကမ္ဘာ့စစ်လက်နက်သတင်းတွေကို ဖော်ပြနေတဲ့ Army Recognition Group က ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ပါတယ်။

ဒီတိုက်လေယာဉ် ၆ စီးကို မြန်မာက ၂၀၁၈ ခုနှစ် ရုရှားကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်ရှိချိန်မှာ ဝယ်ယူဖို့ သဘောတူခဲ့တာ ဖြစ်ပြီး ပထမဆုံး နှစ်စီးဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှာ လက်ခံရရှိတာ ဖြစ်ပါတယ်။ အခု နောက်ဆုံး နှစ်စီးကို ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှာ အပြီးသတ်ရရှိခဲ့တာဖြစ်ပြီး ဒီလေယာဉ် ၆ စီးဟာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်တန်ဖိုးရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် မြန်မာစစ်ကောင်စီကို လေယာဉ်ဆီ၊ လေယာဉ်အစိတ်အပိုင်း၊ လေယာဉ်စက်ပစ္စည်းတွေ ရောင်းချတာကို အမေရိကန် ၊ ဗြိတိန်၊ ဥရောပသမဂ္ဂ နဲ့ ကနေဒါတို့က အလုံးစုံပိတ်ပင်ထားတာ ဖြစ်ပါတယ်။

Su-30 တိုက်လေယာဉ်ဟာ မြန်မာစစ်တပ်က လက်ရှိအသုံးပြုနေတဲ့ Yak 130 ထက် ပစ်ခတ်နိုင်မှုနဲ့ လူတွေကို သေစေနိုင်တဲ့ စွမ်းရည် နှစ်ဆပိုမြင့်တယ်လို့ သိရှိရပြီး ၂၀၂၄ခုနှစ် တစ်နှစ်တာအတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အမြင့်ဆုံးဖြစ်ပြီး အရပ်သား ၁၈၀၀ ဝန်းကျင်သေဆုံးခဲ့ရပါတယ်။

(Ref : Army Recognition Group)

ဓာတ်ပုံ – Russia MoD

ဆက်စပ် သတင်းများ

Most read