စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ၂၀၂၅ ခုနှစ်ကုန်ပိုင်းမှ ၂၀၂၆ ဇန်နဝါရီအတွင်းအထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း (၃၃၀) ထဲကမှ (၂၆၇) မြို့နယ်တွင် ကျင်းပမယ်လို့ ဇွန် ၇ ရက်က ကြေညာပါတယ်။
ရွေးကောက်ပွဲကို မဲအများဆုံးရသူ အနိုင်ယူစနစ် (FTPT) နဲ့ အချိုးကျ ကိုယ်စားပြုစနစ် (PR) တို့နှစ်မျိုးစလုံး အသုံးပြုသွားမည်ဖြစ်ပြီး၊ မဲပေးစနစ်အတွက်လည်း အီလက်ထရွန်းနစ်စနစ် အသုံးပြုမယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကို တိုင်းနှင့်ပြည်နယ်အလိုက် အပိုင်းလိုက်ခွဲပြီး ကျင်းပမှာ ဖြစ်ပြီး၊ နယ်မြေတချို့မှာ လုံခြုံရေးအခြေအနေအပေါ် မူတည်ပြီး မဲပေးခြင်းမပြုနိုင်ပါက ထပ်မံကြေညာမယ်လို့လည်း ပြောပါတယ်။
နိုင်ငံအနှံ့ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ အချိန်မှာပြုလုပ်တဲ့ ဒီရွေးကောက်ပွဲဟာ စစ်ကောင်စီအာဏာတည်မြဲရေးအတွက်သာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
“ဒီရွေးကောက်ပွဲက စစ်တပ်က ဖြစ်အောင်ကို လုပ်မှာပဲ။ သူတို့အတွက် အာဏာဆက်တည်မြဲဖို့ပဲ၊ ရွေးကောက်ပွဲပြီးရင်လည်း သူတို့လိုလားတဲ့ သူဆီပဲ အာဏာရောက်အောင်လုပ်မှာပါပဲ။”လို့ နိုင်ငံရေးလေ့လာသုံသပ်သူ တဦးကပြောပါတယ်။
အာဆီယံ လက်ရှိဥက္ကဋ္ဌ မလေးရှားနိုင်ငံကတော့ စစ်ကောင်စီကို ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရန် တောင်းဆိုထားပြီး ရွေးကောက်ပွဲကို နိုင်ငံရေး လှည့်ဖျားမှုသာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။