Homeပြည်တွင်းသတင်းမြိတ်မြို့မှာ ILBC ကျောင်းဆရာကို သတ်ဖြတ်သူတွေကို ဖမ်းမိ၊ ဆိုင်ကယ်နဲ့ ဖုန်းကို လုယက်သတ်ဖြတ်ခဲ့တာဖြစ်

မြိတ်မြို့မှာ ILBC ကျောင်းဆရာကို သတ်ဖြတ်သူတွေကို ဖမ်းမိ၊ ဆိုင်ကယ်နဲ့ ဖုန်းကို လုယက်သတ်ဖြတ်ခဲ့တာဖြစ်

၁၄ ဇူလိုင် ၂၀၂၅

တနင်္သာရီတိုင်း၊ မြိတ်မြို့က ILBC ကျောင်းဆရာကို လုယက်သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဖမ်းဆီးရမိသူနှစ်ဦးဟာ အသက် ၁၉ နှစ်အရွယ်လူငယ်နှစ်ဦးဖြစ်ပြီး သူတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ညက ILBC ကျောင်းဆရာ သတ်ဖြတ်ခဲ့မှုအပြင် ဇွန်လ ၂၇ ရက်နေ့က ညကလည်း တည်းခိုခန်းမန်နေဂျာတစ်ဦးကို လုယက်သတ်ဖြတ်ခဲ့တယ်လို့ ရဲစခန်းမှာ ဝန်ခံထွက်ဆိုထားပါတယ်။

အသက်၂၈ နှစ်အရွယ် ILBC ကျောင်းဆရာဟာ ဇူလိုင် ၇ ရက်နေ့ ည ၉ နာရီအချိန်က နေအိမ်ကနေ တစ်ဦးတည်း ထွက်သွားရာကနေ ပျောက်ဆုံးခဲ့ပြီး ဇူလိုင် ၈ ရက်နေ့မှာ သဲကွင်းပြင်အနီးရှိ ခြုံအတွင်းကနေ ရုပ်အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရုပ်အလောင်းမှာ ဗိုက်မှာ ထိုးသွင်းဒဏ်ရာ ၅ ချက်နဲ့ နောက်ကျောခါးအထက်မှာ ထိုးသွင်းဒဏ်ရာ ၃ ချက်ကိုတွေ့ခဲ့ရပြီး ဆိုင်ကယ်နဲ့ ဖုန်းကို လုယက်ခဲ့တာလို့ မြို့ခံတွေဆီက သိရပါတယ်။

သေဆုံးသူရဲ့ဆိုင်ကယ်ကို ပြန်လည်ရောင်းချရာကနေ သံသယရှိသူ အသက် ၁၉ နှစ်အရွယ် မြိတ်မြို့ခံလူငယ်နှစ်ဦးကို စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိသူ လူငယ်နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ညက မြိတ်မြို့၊ လှသီရိ ၂ တည်းခိုခန်းရဲ့ မန်နေဂျာဖြစ်သူကိုလည်း လုယက်သတ်ဖြတ်ခဲ့ကြောင်းရဲစခန်းမှာ ဝန်ခံထွက်ဆိုခဲ့ပြီး ဆိုင်ကယ်အပါအဝင် တန်ဖိုးရှိပစ္စည်းတွေ လုယက်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုထားတယ်လို့ဒေသခံတွေပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ လူငယ်နှစ်ဦးကို အမှုတစ်ခုစီအတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး