မြိတ်ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ် တောင်ပျောက်ကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ ပြည်သူနေအိမ် ၇၃ လုံးကို စစ်ကော်မရှင်တပ်က စက်တင်ဘာ ၃၀ ရက် မနေ့က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က အသိပေးထုတ်ပြန်ပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ တောင်ပျောက်ကျေး ရွာအုပ်စုထဲကနေအိမ်တွေဟာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ပြည်သူပိုင်နေအိမ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့က မနက်ပိုင်း ၇ နာရီအချိန်မှာ တောင်ပျောက်ကျေးရွာအုပ်စုအတွင်းကို စစ်ကော်မရှင်လက်အောက်ခံတပ်ရင်း ၄၀၃၊ ၄၀၄ နဲ့ ၄၀၅ ပူးပေါင်းတပ်တွေ
စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၄)လက်အောက်ခံတပ်ရင်း ၁၂ နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ရသေးတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ ကရင်အမျိုး သားအစည်းအရုံးထိန်းချုပ်နယ်မြေတွေကို အလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာမျိုးရှိလာတဲ့အပြင် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေလည်းရှိတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။
ဓာတ်ပုံ- အာဏာသိမ်းစစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့တဲ့ ပြည်သူလူထုရဲ့ နေအိမ်များ(KNU)


