မြဝတီမြို့သောင်ရင်းမြစ်ရေဟာ ဒီကနေ့ ဇူလိုင် ၂၅ ရက်ပိုင်းမှာ ပြန်ကျဆင်းသွားပေမယ့် စိုးရိမ်ရေမှတ်အထက်မှာရှိနေဆဲဖြစ်တယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။
သောင်ရင်းမြစ်ရေဟာ ဒီကနေ့ မနက် ၁၁ နာရီအချိန်မှာ မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၁၁၅၁ စင်တီမီတာမှာရှိနေဆဲဖြစ်ပြီး၊ စိုးရိမ်ရေမှတ်ဟာ ၉၆၃ စင်တီမီတာသတ်မှတ်ထားသည့်အတွက် ၇ ပေခန့်မှာရှိနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
လတ်တလော ရေဘေးရှောင်စခန်းမှာခိုလုံနေတဲ့ ဒေသခံအချို့ နေအိမ်တွေမှာသန့်ရှင်းရေးတွေ နိုင်သလောက်လုပ် ဆောင်နေကြပေမယ့် မြစ်ရေပြန်တက်လာမှာကို စောင့်ကြည့်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။
“မြစ်ရေက ကျတယ်ဆိုပေမယ့် စိုးရိမ်ရေမှတ်အထက်မှာရှိနေသေးတော့ ချိန်နေရတာပေါ့။ မိသားစုကိုတော့ ရေဘးစခန်းမှာထားပြီး နေအိမ်လာသန့်ရှင်းရတာပေါ့။ ဒီတိုင်းပစ်ထားလို့ကလည်းမရဘူး ။သူခိုးရန်ကရှိသေးတယ်လေ။”လို့ ဆိုပါတယ်။
ဒါအပြင် ထိုင်း-မြန်မာ အမှတ် ၁ ချစ် ကြည်ရေးတံတားပတ်ဝန်းကျင်မှာလည်း သန့်ရှင်းများဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရပါတယ်။
သောင်ရင်းမြစ်ရေဟာ ဇူလိုင် ၂၄ ရက်နံနက်ပိုင်းမှာ စိုးရိမ်ရေမှတ်အထက်ရောက်ရှိခဲ့ပြီး မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်တွေရေကြီးရေလျှံဖြစ်ပွားခဲ့ရာကဒီနေ့ ဇူလိုင် ၂၅ ရက် နံနက်ပိုင်းမှာ ပြန်လည်ကျဆင်းခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ- CJ


