Homeနိုင်ငံတကာသတင်းမြဝတီဘက်ကို လူကုန်ကူးခံရမယ့် တရုတ်ခရီးသွားဧည့်သည် ၅ ဦးကို မဲဆောက်မြို့ထိုင်းရဲတွေ ကယ်တင်

မြဝတီဘက်ကို လူကုန်ကူးခံရမယ့် တရုတ်ခရီးသွားဧည့်သည် ၅ ဦးကို မဲဆောက်မြို့ထိုင်းရဲတွေ ကယ်တင်

၁၃ နိုဝင်ဘာ၊ ၂၀၂၄

နိုဝင်ဘာ ၁၂ ရက်က ထိုင်းနိုင်ငံရဲတပ်ဖွဲ့ဝင်တွေဟာ မြဝတီမြို့ကို လူကုန်ကူးခံရတော့မယ့် တရုတ်နိုင်ငံသား ခရီးသွား ဧည့်သည် ၅ ဦးကို မဲဆောက်မြို့မှာ ကယ်တင်ခဲ့ရကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ ဒီတရုတ်နိုင်ငံသားတွေဟာ နာမည်ကျော် ပတ္တရားကမ်းခြေကို သွားရောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပြီး သူတို့ဟာ ထိုင်းမြန်မာနယ်စပ်မဲဆောက်ကို ခေါ်ဆောင်ခံလာရတာ ဖြစ်ပါတယ်။

မဲဆောက်-တာ့ခ် လမ်းက Huai Hin Fon လုံခြုံရေးဂိတ်မှာ ထိုင်းအရာရှိတွေက ကားတွေကို ပုံမှန်အတိုင်း စစ်ဆေးတဲ့အခါ ဒီခရီးသွားတွေဟာ ပတ်စ်ပို့ကလည်း သက်တမ်းရှိနေဆဲဖြစ်ပြီး တရုတ်စကားပြန်နဲ့စစ်ဆေးတဲ့အခါမှာ သူတို့ဟာ မဲဆောက်ကို လာဖို့ ဆန္ဒမရှိဘူးလို့ သိရပြီး လမ်းကြောင်းမှားနေတဲ့အပေါ် ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။

သူတို့ဟာ မြန်မာပြည်ဘက်အခြမ်း၊ မြဝတီမြို့ကို လူကုန်ကူးခံရတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေက ယုံကြည်နေပါတယ်။ သူတို့ဟာ ငွေလိမ်တဲ့ရာဇဝတ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ အတင်းအကြပ် စေခိုင်းခံရမှာ ဖြစ်ပြီး အရင်ကလည်း ဒီလိုလူကုန်ကူးမှုတွေကို မကြာခဏ ဖမ်းဆီးရမိထားပါတယ်။ သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီးနောက်မှာ ထိုင်းအာဏာပိုင်တွေဟာ သူတို့သွားချင်တဲ့ ပတ္တရားကို အစောင့်အရှောက်တွေနဲ့ ပို့ပေးခဲ့ပါတယ်။

ထိုင်း ရဲမှူးချုပ် Prajuab Wongsukဟာ အခင်းဖြစ်ပွားတဲ့နေရာကို လာရောက်ပြီး ဖြစ်စဉ်ကို လေ့လာခဲ့တဲ့အပြင် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေအတွက် ညွှန်ကြားခဲ့ပါတယ်။

“AI အကူအညီနဲ့စောင့်ကြည့်တဲ့စနစ်တွေ အပါအဝင် နယ်စပ်လုံခြုံရေးကို ပိုပြီး ထိန်းချုပ်ဖို့၊တင်းကြပ်ဖို့ လုပ်ဆောင်နေပါတယ်။ လူကုန်ကူးတာအပါအဝင် နယ်စပ်ဖြတ်ကျော်ပြစ်မှုတွေကို ကာကွယ်နိုင်ဖို့ပါ” ရဲမှူးချုပ် Prajuab Wongsukကဆိုပါတယ်။ အစိုးရရဲ့ ကတိကဝတ်ဖြစ်တဲ့ လူကုန်ကူးမှုဂိုဏ်းတွေကို ဖြိုခွင်းဖို့ကို ထိုင်းရဲတွေအနေနဲ့အာရုံစိုက်ထားပြီး ထိုင်းမြန်မာနယ်စပ် မဲဆောက်မှာ စစ်ဆင်ရေးအနေနဲ့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးမှာ ထိုင်းတပ်မတော် အမှတ် ၃ တပ်မ၊ တာ့ခ်လူဝင်မှုကြီးကြပ်ရေးရုံး၊ ဒေသခံအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ပြီး လူကုန်ကူးမှုနဲ့ ဆက်နွယ်နေတဲ့ အဆက်အစပ်ရှိသူမှန်သမျှကို စုံစမ်းစစ်ဆေး ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

ပုံစာ – အခင်းဖြစ်ရာကို ရဲမှူးချုပ် လာရောက်လေ့လာစဉ်နဲ့ မြဝတီမြို့ကို မဲဆောက်ဘက်ကမ်းက မြင်ရစဉ်

Photo – Khodsod

ဆက်စပ် သတင်းများ

Most read