Homeပြည်တွင်းသတင်းမြဝတီဒေသမှာ လူကုန်ကူးခံထားရတဲ့တရုတ်နိုင်ငံသားတွေကို တစ်နေ့ သုံးခေါက် လေယာဉ်နဲ့ ပြန်ပို့မည်

မြဝတီဒေသမှာ လူကုန်ကူးခံထားရတဲ့တရုတ်နိုင်ငံသားတွေကို တစ်နေ့ သုံးခေါက် လေယာဉ်နဲ့ ပြန်ပို့မည်

၁၈ ဖေဖော်ဝါရီ၊ ၂၀၂၅

ကရင်ပြည်နယ်၊ မြဝတီဒေသက လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရက တိုက်ရိုက်လေယာဉ်နဲ့ လာမယ့်ရက်ပိုင်းအတွင်း တစ်နေ့သုံးခေါက်နှုန်းနဲ့ လာပြီး ပြန်ခေါ်သွားမယ်လို့ BGF ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောဆိုထားပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းမှာ ကရင်ပြည်နယ်၊ မြဝတီမြို့ကို တရုတ်ဒုဝန်ကြီး လျိုကျုံရီ လာရောက်ပြီး မြဝတီမြို့ မိုးလုံလေလုံအားကစားရုံနဲ့ မြဝတီမြို စည်းကမ်းထိန်းသိမ်းရေးရုံးမှာ ထိန်းသိမ်းထားရှိထားတဲ့ တရုတ်နိုင်ငံသားတွေ အပါအဝင် အင်ဒိုနီးရှားနိုင်ငံသားနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်လည်ခေါ်ဆောင်ဖို့အတွက် မြန်မာစစ်ကောင်စီ၊ ထိုင်းအာဏာပိုင်နဲ့ တရုတ်ဒုဝန်ကြီးအဖွဲ့တို့ သုံးပွင့်ဆိုင်ဆွေးနွေးပြီးနောက်မှာ တစ်နေ့ကို လေယာဉ် ၃ ခေါက်နှုန်းနဲ့ လေယာဉ်တစ်စီးမှာ လူ ၂၀၀ ပြန်ခေါ်သွားဖို့ သဘောတူညီထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ BGF က ခေါ်ထုတ်ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား ထောင်ချီ ရှိနေပြီး တချို့နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံမှာ သက်ဆိုင်ရာ သံရုံးတွေ ရှိမနေတဲ့အတွက် အခက်အခဲ ရှိတယ်လို့ သိရပါတယ်။

BGF ဟာ ကျားဖြန့်နှိမ်နင်းရေးအတွက် တပ်ဗိုလ်တပ်မှူး အထူးတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး လူကုန်ကူးခံရသူတွေကို ကယ်ထုတ်ပေးနေတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံကလည်း တစ်နေ့ကို လူအယောက် ၅၀၀ ဝန်းကျင်သာ လက်ခံပေးနိုင်တဲ့အတွက် အချိန်ကြာမြင့်နိုင်ပြီး BGF ဘက်က ကုန်ကျစရိတ်အခက်အခဲရှိတယ်လို့ ဗိုလ်မှူးကြီးစောချစ်သူက ပြောဆိုထားပါတယ်။

ဆက်စပ် သတင်းများ

Most read