Homeပြည်တွင်းသတင်းမြဝတီဒေသက တရုတ်နိုင်ငံသားတွေ နေရပ်ပြန်ခေါ်ဖို့အတွက် တရုတ်ဒုဝန်ကြီး မဲဆောက်ရောက်ရှိ

မြဝတီဒေသက တရုတ်နိုင်ငံသားတွေ နေရပ်ပြန်ခေါ်ဖို့အတွက် တရုတ်ဒုဝန်ကြီး မဲဆောက်ရောက်ရှိ

၁၇ ဖေဖော်ဝါရီ၊ ၂၀၂၅

တရုတ်ပြည်သူလုံခြုံရေး ဒုဝန်ကြီး လျိုကျုံးရီနဲ့အဖွဲ့ဟာ မြဝတီဒေသက ငွေလိမ် call center ဂိုဏ်းတွေမှာ လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်ခေါ်ဖို့အတွက် ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့ကို ဖေဖော်ဝါရီ ၁၆ ရက်က ရောက်ရှိနေတယ်လို့ သိရပါတယ်။

အစောပိုင်းသိရှိထားတဲ့ သတင်းတွေအရ တရုတ်ဒုဝန်ကြီးဟာ နေ့လည်ဘက်မှာ မြန်မာနိုင်ငံ မြဝတီဒေသကို လာရောက်ပြီး ထောင်ချီရှိနေတဲ့ တရုတ်နိုင်ငံသားတွေကို ပြန်ခေါ်ယူဖို့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ထိုင်းသတင်းဌာနတွေက‌ ဒုဝန်ကြီးရဲ့ ခရီးစဉ်ကို လျှို့ဝှက်ထားတယ်လိ့ ဖော်ပြနေကြပြီး သူ့ခရီးစဉ်ကို ရောက်ကာနီးမှ တာ့ခရိုင်က အာဏာပိုင်အရာရှိတွေ သိရှိခဲ့ရတယ်လို့ ဖော်ပြပါတယ်။ တရုတ်ဒုဝန်ကြီးနဲ့ အဖွဲ့ဝင်အရာရှိ ၂၆ဦး ပါဝင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံမှာဆွေးနွေးရာကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဒွန်မောင်းလေဆိပ်ကတဆင့် ရောက်ရှိပြီး တာ့ခရိုင် မဲဆောက်လေဆိပ်ကို ရောက်လာတာဖြစ်ပါတယ်။

သူဟာ မြန်မာဖက်က အာဏာပိုင်တွေနဲ့ တွေ့ဆုံချိန်မှာ မြဝတီဒေသက ရွှေကုက္ကိုမြို့ အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေနဲ့ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ မဲဆောက်မှာရှိတဲ့ သတင်းရင်းမြစ်တွေက လူကုန်ကူးမှု သားကောင် တရုတ်နိုင်ငံသား ၆၀၀ လောက်ကို ပထမ အသုတ်အဖြစ် တရုတ်နိုင်ငံဆီ ပြန်ပို့မယ့် ကိစ္စကို လျူက စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေဘက်ကတော့ တရုတ် ဒုစရိုက်ဂိုဏ်းတွေ ကွပ်ကဲပြီး လည်ပတ်နေတဲ့ အဲဒီ ကျားဖြန့် လုပ်ငန်းတွေမှာ လူကုန်ကူးပြီး ခိုင်းစေခံရသူ အများစုဟာ ထိုင်းရဲ့ အိမ်နီးချင်း နိုင်ငံတွေဆီက ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ တရုတ်နိုင်ငံသားတွေအပါအဝင် လူကုန်ကူးခံရသူတွေဟာ ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံနယ်စပ်ဒေသထဲကို သဘာဝလမ်းကြောင်းတွေကတဆင့် ကူးဖြတ်ပြီး ရောက်ရှိလာတာ ဖြစ်ပါတယ်။

ပုံစာ -တရုတ်ဒုဝန်ကြီးနဲ့အဖွဲ့ ဒုတိယအကြိမ်ရောက်ရှိလာစဉ်

ဆက်စပ် သတင်းများ

Most read