၁၂ ဖေဖော်ဝါရီ ၂၀၂၆
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေမြိုင်မြို့နယ်အတွင်းရှိ စစ်အုပ်စု ဗျူဟာကုန်းနေရာအနီးမှာ ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်စွာ ပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အုပ်စုဘက်က Y-12 လေယာဉ်နဲ့ ဂျက်တိုက်လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ဆောင်ရွက်ခဲ့သလို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေပါ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် နယ်စပ်အနီးရှိ ကျေးရွာအချို့က ဒေသခံတွေ ထိုင်းဘက်သို့ လုံခြုံရေးအတွက် ရွှေ့ပြောင်းနေကြရပါတယ်။
ဝေါလေဗျူဟာကုန်းအနီးမှာ ဇန်နဝါရီ ၃၁ ရက်ကစပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်တပ်တွေ အပြင်းအထန် တိုက်ခိုက်နေကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ဒရုန်းတွေနဲ့ လက်နက်ကြီးတွေ အသုံးပြုပစ်ခတ်ခဲ့သလို လေကြောင်းကနေ ဗုံးအများအပြား ကြဲချခဲ့ကြောင်း ထိုင်းဘက်သို့ စစ်ရှောင်ရောက်ရှိနေသူ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဝေါလေရှိ ဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ၂၀၂၅ ခုနှစ်ကစပြီး ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေပြီး တစ်နှစ်ကျော်ကြာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ရှေ့တန်းသတင်းရင်းမြစ်တွေအရ ဗျူဟာကုန်းမှာ စစ်အုပ်စုတပ်သား အင်အား ၃၀၀ ဝန်းကျင် တပ်စွဲထားပြီး စခန်းမကျရေးအတွက် ဆက်လက်ခုခံနေကြတယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ကျေးရွာဘက်သို့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
လက်ရှိအချိန်ထိ ထိုင်းဘက်သို့ တိမ်းရှောင်သွားသူအရေအတွက် တိတိကျကျ မသိရသေးဘဲ နယ်စပ်အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း သိရပါတယ်။


