၈ ဖေဖော်ဝါရီ ၂၀၂၆
ရန်ကုန်–ဒလ ပြေးဆွဲနေတဲ့ ယာဉ်မောင်းတွေ ပြောကြားချက်အရ မြန်မာ–ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား ကို ဖြတ်သန်းတဲ့ ယာဉ်တွေကို တန်ချိန်အလိုက် ကျပ် ၅၀၀ ကနေ ကျပ် ၄,၀၀၀ အထိ ကောက်ခံနေတယ်လို့ သိရပါတယ်။
တံတားအသုံးပြုခ ကောက်ခံနှုန်းတွေကတော့ အိမ်စီးကား ၃ တန်အောက်ကို ကျပ် ၅၀၀ (Land Cruiser, Wish, Alphard, Double Cab, Super Custom)၊ ခရီးသည်တင်ယာဉ်ငယ် ၆ တန်ကို ကျပ် ၁,၀၀၀ (ကင်တာ၊ လိုက်ထရပ်၊ ဒိုင်နာ)၊ ခရီးသည်တင်ယာဉ် လတ်/ကြီး ၂၁ တန်ကို ကျပ် ၂,၀၀၀ (Minibus, BM, ဟီးနိုး) နဲ့ ဟွန်ဒိုင်းကုန်တင်ယာဉ်ငယ်အပါအဝင် ၆ ဘီး၊ ၈ ဘီး ကုန်တင်ယာဉ်တွေကို ၂၁ တန်အထိ ကျပ် ၄,၀၀၀ နှုန်းနဲ့ ကောက်ခံနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
ဒါအပြင် မော်တော်ယာဉ် ကြံ့ခိုင်မှုမကောင်းတဲ့ ယာဉ်တွေကိုတော့ တံတားပေါ် ဖြတ်သန်းခွင့် မပြုဘဲ စစ်ဆေးကန့်သတ်နေတယ်လို့ သိရပါတယ်။ ယခုလအတွင်းမှာလည်း တံတားပေါ်ကနေ အများပြည်သူသုံး YBS ယာဉ်လိုင်းအချို့ကို ပြေးဆွဲပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ YBS ခရီးသည်တင်ယာဉ်ကြီးတွေ ဖြတ်သန်းမောင်းနှင်နိုင်မယ့် လမ်းကြောင်းအခြေအနေတွေကို စစ်ဆေးဖို့အတွက် YBS (၅၈)၊ YBS (၇၂) နဲ့ YBS (၁၀၈) ယာဉ်လိုင်းတွေကို စမ်းသပ်ပြေးဆွဲနေတာကို တွေ့ရပါတယ်။
“ဘယ်လိုင်းတွေကို ဘယ်နှစ်စီး ပြေးဆွဲမယ်ဆိုတာတော့ မသိရသေးဘူး။ အခုက ရန်ကုန်–ဒလ ပြေးဆွဲဖို့ စမ်းသပ်နေတဲ့အဆင့်ပဲ ရှိသေးတယ်” လို့ YBS ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။


