၆ ဖေဖော်ဝါရီ ၂၀၂၆
ဖေဖော်ဝါရီ ၁၂ ရက်မှာ ဖွင့်လှစ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ မြန်မာ–ကိုရီးယား ချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားကို ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာ တရားဝင် ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါတယ်။
တံတားဖွင့်ပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး၊ အဆိုပါတံတားဟာ မြန်မာနိုင်ငံအတွင်းရှိ သံမဏိကြိုးဆိုင်းတံတားတွေထဲမှာ အကြီးဆုံးနဲ့ အရှည်ဆုံး တံတားတစ်စင်းဖြစ်တယ်လို့ သိရပါတယ်။
ဒီတံတားကို တန်ချိန်သောင်းချီတဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေနဲ့ ပြည်တွင်းရေကြောင်း သင်္ဘောကြီးတွေ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်အောင် တံတားကင်းလွတ်အမြင့်နဲ့ အကျယ်ကို အမြင့်ဆုံးအဆင့်ထားပြီး ချဉ်းကပ်တံတားတွေ၊ ဆင်ခြေလျှောတံတားတွေကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ တွက်ချက် တည်ဆောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ–ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၉ ခုနှစ် မေလက စတင်ခဲ့တာဖြစ်ပြီး စုစုပေါင်း ၇ နှစ်အကြာမှာ တံတားကို ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါတံတားကို ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ရန်ပုံငွေချေးငွေနဲ့ မြန်မာအစိုးရ ထည့်ဝင်ငွေတွေ ပေါင်းစပ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော် ကုန်ကျခံ တည်ဆောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တံတားကို ဖွင့်လှစ်လိုက်တဲ့အတွက် ရန်ကုန်မြို့ကနေ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တွေ အပါအဝင် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့ကနေတစ်ဆင့် ဖျာပုံ၊ ဘိုကလေးမြို့တွေ၊ ကမ်းခြေဒေသတွေ ကိုလည်း လမ်းပန်းဆက်သွယ်ရေးပိုမို လွယ်ကူလာမယ်လို့ သိရပါတယ်။


