၁၄ အောက်တိုဘာ၊ ၂၀၂၄
မြန်မာ့အရေးအတွက် အာဆီယံက ကြိုးပမ်းနေသလို အမေရိကန်နဲ့ တရုတ်တို့က မြန်မာအကြပ်အတည်းအတွက် အကောင်းဆုံးနည်းလမ်းရှာဖွေရာမှာ အကူအညီပေးဖို့ စင်ကာပူ လောရန့်စ်ဝေါင်းက တောင်းဆိုလိုက်ပါတယ်။
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပတဲ့ အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေကို စင်ကာပူဝန်ကြီးချုပ် လောရန့်စ်ဝေါင်းလည်း တက်ရောက်ခဲ့ပြီး စင်ကာပူကို မပြန်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က တရားမဝင်အာဏာသိမ်းမှုနောက်ပိုင်း ၃ နှစ်ကျော်တဲ့အထိ တော်လှန်ရေးတိုက်ပွဲတွေ ဖြစ်ပွားနေပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ မြန်မာ့ပြည်တွင်းရေးဟာ ဒေသတွင်း တည်ငြိမ်ရေးကိုပါ သက်ရောက်မှု ရှိလာတာကြောင့် အာဆီယံအစည်းအဝေးမှာ မြန်မာ့အရေးဟာ ထိပ်တန်းဦးစားပေးဆွေးနွေးတဲ့အကြောင်းအရာ ၂ ခုထဲက တစ်ခု ဖြစ်ပါတယ်။
မြန်မာ့ပြည်တွင်းပဋိပက္ခဟာ ကာလကြာရှည် ဖြစ်ပွားနေတဲ့ ပြဿနာဖြစ်တာကြောင့် ချက်ချင်းဖြေရှင်းလို့ရတဲ့ ပြဿနာမဟုတ်ဘူးလို့ စင်ကာပူဝန်ကြီးချုပ်က ဆိုပါတယ်။ အာဆီယံဘုံဝါဒ ၅ ချက် ချမှတ်ပြီး အကြမ်းဖက်မှု ရပ်ဆိုင်းဖို့ ကြိုးစားပေမယ့် တိုးတက်မှု မရှိဘူးလို့ ထိုင်းဝန်ကြီးချုပ်၊ မလေးရှားဝန်ကြီးချုပ်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့က တညီတညွတ်ထဲ သုံးသပ်ခဲ့ကြပါတယ်။
လာမယ့် ဒီဇင်ဘာလမှာ ထိုင်းက ဦးဆောင်ပြီး အာဆီယံအဖွဲ့ဝင် အဆင့်မြင့်အရာရှိတွေချည်း အလွတ်သဘော ဆွေးနွေးမှုတွေ လုပ်သွားဖို့ ထိုင်းဝန်ကြီးချုပ်ပေတောင်တန် ရှင်နာဝပ်ထရာက အာဆီယံအစည်းအဝေးမတိုင်မီ အဆိုပြုထားပါတယ်။
ပုံစာ – ထိုင်းဝန်ကြီးချုပ်နဲ့ စင်ကာပူဝန်ကြီးချုပ်အာဆီယံထိပ်သီးအစည်းအဝေးမှာ မြင်တွေ့ရစဉ်
Photo – The Star