Homeပြည်တွင်းသတင်းမြန်မာ့အရေးမှာ ထိုင်းရဲ့အကူအညီပေးမှုကို ကြိုဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောဆို

မြန်မာ့အရေးမှာ ထိုင်းရဲ့အကူအညီပေးမှုကို ကြိုဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောဆို

၁၁ အောက်တိုဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းမြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို ကူညီဖြေရှင်းပေးဖို့ ကြိုးစားတာ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေကို လူသားချင်းစာနာတဲ့အကူအညီပေးနေတာကို ကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်က ပြောဆိုလိုက်ပါတယ်။

လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံနဲ့ နိုင်ငံတကာခေါင်းဆောင်တွေ တက်ရောက်နေတဲ့ ထိပ်သီးအစည်းအဝေးနဲ့ ခေါင်းဆောင်အစည်းအဝေးကို တက်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်က ထိုင်းဝန်ကြီးချုပ်ပေတောင်တန် ရှင်နာဝပ်ထရာကို အောက်တိုဘာလ ၁၀ ရက် ညနေပိုင်းက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ထဲမှာ ထိုင်းနိုင်ငံက ရှေ့ဆုံးကနေ ဦးဆောင်ပါဝင်နေပြီး အမေရိကန်နဲ့ ထိုင်း ဆက်ဆံရေးကို ဘလင်ကန်က ဦးစားပေးပြောဆိုပါတယ်။ မူးယစ်ဆေးဝါး နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက်ဖို့၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့၊ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာကြဖို့၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ကတိကဝတ် ပြုထားကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတောင်တန်ကလည်း ထိုင်းနဲ့အမေရိကန်တို့ကြား အချိန်ကြာရှည်တဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာကြောင့် ပူးပေါင်းဆွေးနွေးဖို့ အသင့်ဖြစ်ကြောင်း ပြန်လည်ပြောဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်ဟာ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အောက်တိုဘာလ ၉ ရက်က ၁၁ ရက်ထိ ရှိနေမှာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read