၃ ဒီဇင်ဘာ ၂၀၂၄
အာဏာသိမ်း စစ်ကောင်စီကြောင့် သေဆုံးရတဲ့ အရပ်သား ၆၀၀၀ ရှိပြီ ဖြစ်တဲ့အတွက် နိုင်ငံတကာက မြန်မာ့အရေးနဲ့ပတ်သတ်ပြီးအရေးပေါ်တုံ့ပြန်မှုကို ပြင်ဆင်သင့်တယ်လို့ UNHCR ကုလ လူ့အခွင့်အရေးကောင်စီက ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီအရပ်သားသေဆုံးမှု အရေအတွက်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာပြည်သူတွေအပေါ် ပျက်ကွက်ခဲ့တာကို သတိပေးချက်တွေ ဖြစ်တယ်လို့ ပြောဆိုပြီး မြန်မာနိုင်ငံအရေး ကမ္ဘာတစ်ဝန်းက အာရုံစိုက်လာအောင် စတင်လုပ်ဆောင်ဖို့နဲ့ ပြောင်းလဲဖို့ တိုက်တွန်းပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ကုလသမဂ္ဂအနေနဲ့ နိုင်ငံတကာရဲ့ လက်ရှိလုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုပေမယ့် မြန်မာပြည်သူတွေကို ပံ့ပိုးကူညီဖို့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ အာရုံစိုက်မှု အားနည်းနေတယ်လို့ ဆိုပါတယ်။
ပိတ်ဆို့မှုတွေကြောင့် လက်နက်ဝယ်ယူမှုတွေကိုသုံးပုံတစ်ပုံအထိ လျှော့ချနိုင်ပေမယ့် အရပ်သားတွေကို တိုက်ခိုက်နေတဲ့ လက်နက်တွေကို စစ်ကောင်စီလက်ထဲ မရောက်ဖို့အတွက် မတားဆီးနိုင်သေးဘူးလို့လည်း ထောက်ပြပါတယ်။
ကုလသမဂ္ဂက လက်ခံရရှိထားတဲ့ အစီရင်ခံစာတွေမှာ စစ်ကောင်စီက ဖမ်းဆီးထားချိန် လူ နှစ်ထောင်နီးပါး သေဆုံးခဲ့ရကြောင်း၊ အဲဒီအထဲက ၃၆၅ ယောက်က ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရတာဖြစ်ပြီး ၂၁၅ ယောက်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် ထောင်တွေထဲမှာ ဖမ်းဆီးခံထားရသူ ၂၁ဝဝဝ ရှိနေသေးပြီး သူတို့ ဘယ်ရောက်နေတယ်ဆိုတာကို မိသားစုတွေနဲ့ ရှေ့နေတွေလည်း မသိရဘဲ ဖြစ်နေတယ်လို့ ဖော်ပြပါတယ်။
စစ်ကောင်စီက တရားဝင်အစိုးရဖြစ်ရေး ကြိုးပမ်းနေတဲ့အပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဆန့်ကျင်ကြဖို့နဲ့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို လူသိရှင်ကြား ကန့်ကွက်ကြဖို့လည်း UNHCR က တောင်းဆိုထားပါတယ်။
ပုံစာ – မြန်မာ-ထိုင်းနယ်စပ်က မြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံထဲ ခိုးဝင်ခိုလှုံမယ့် မြန်မာဒုက္ခသည်များ
Photo – UNHCR/Siegfried Modola