Homeပြည်တွင်းသတင်းမြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ ရှောင်တာနဲလ်ကို Dunlop Asialink ဆုချီးမြှင့်

မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ ရှောင်တာနဲလ်ကို Dunlop Asialink ဆုချီးမြှင့်

၁၀ အောက်တိုဘာ၊ ၂၀၂၄

၂၀၂၄ ခုနှစ်အတွက် ထူးထူးခြားခြား စွမ်း‌‌ဆောင်နိုင်တဲ့ သြစတေးလျနိုင်ငံသားတွေကို ချီးမြှင့်ပေးအပ်တဲ့ Dunlop Asialink ဆုကို မြန်မာ့အရေးကျွမ်းကျင်သူ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ်ကို ချီးမြှင့်ပေးအပ်တယ်လို့ MEBLOURNE တက္ကသိုလ်က အောက်တိုဘာလ ၉ ရက်မှာ ကြေညာပါတယ်။

ဒီဆုတံဆိပ်ဟာ ဩစတြေးလျ – အာရှမှာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုရှိကြသူတွေကို ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေဖို့ ထူးထူးခြားခြား ဆောင်ရွက်နိုင်တဲ့သူတွေကို အသိအမှတ်ပြု ပေးအပ်တာ ဖြစ်တယ်လို့ Asialink အဖွဲ့ရဲ့ CEO ဖြစ်သူ မာတင်းလတ်စ်က ဆိုပါတယ်။

ဒီဆုကို လက်ခံရရှိသူတွေထဲမှာ လက်ရှိမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishiop၊ နိုင်ငံတကာ မူဝါဒရေးဆွဲသူ ပါမောက္ခ Gareth Evans AC KC နဲ့ Gabi Hollows AO တို့ ပါဝင်ပါတယ်။

ပါမောက္ခ ရှောင်တာနဲလ်ဟာ ၂၀၁၇ ခုနှစ်က စပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ခေါ်မှုအရ NLD အစိုးရနဲ့လက်တွဲပြီး မြန်မာနိုင်ငံကို စီးပွားရေးအကြပ်အတည်းက လွတ်မြောက်စေသူထဲက တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံစာရင်းက ပထမဆုံးအကြိမ် သတ်မှတ်ချက် ၃ခုလုံးနဲ့ ကင်းလွတ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းဖြစ်စဉ်အပြီးမှာ ပထမဆုံးထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံခြားသားလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက ရှောင်တာနဲလ်ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ-၃ (၁) (ဂ) နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့နဲ့ ပူးတွဲတရားစွဲဆိုပြီး ထောင်သုံးနှစ်ချခဲ့တာပါ။ ဩစတြေးလျအစိုးရရဲ့တောင်းဆိုမှု ၊ နိုင်ငံတကာက ဖိအားပေးမှုတွေကြောင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်မှာ လွတ်ငြိမ်းသက်သာခွင့်ပေးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

ပုံစာ- ထောင်မှလွတ်လာပြီးနောက် ၂၀၂၃ နိုဝင်ဘာမှာ မြန်မာ့ဒီမိုကရေစီအရေးလူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့စဉ်

Photo – ရှောင်တာနဲလ်

ဆက်စပ် သတင်းများ

Most read