Homeပြည်တွင်းသတင်းမြန်မာ့ရေပိုင်နက်ရောက်ထိုင်းငါးဖမ်းစက်လှေတွေကို စစ်ကောင်စီရေတပ် ပစ်ခတ်ဖမ်းဆီး၊ ထိုင်းနိုင်ငံသား တစ်ဦးသေဆုံးပြီး လူ ၃၁ ဦး ဖမ်းဆီးထား

မြန်မာ့ရေပိုင်နက်ရောက်ထိုင်းငါးဖမ်းစက်လှေတွေကို စစ်ကောင်စီရေတပ် ပစ်ခတ်ဖမ်းဆီး၊ ထိုင်းနိုင်ငံသား တစ်ဦးသေဆုံးပြီး လူ ၃၁ ဦး ဖမ်းဆီးထား

၁ ဒီဇင်ဘာ၊ ၂၀၂၄

နိုဝင်ဘာလ ၂၉ ရက် ညပိုင်းအချိန်က မြန်မာ့ရေပိုင်နက်ထဲ ဝင်ရောက်နေတဲ့ ထိုင်းငါးဖမ်းစက်လှေ လေးစီးကို မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ထိုင်းနိုင်ငံသားတစ်ဦးသေဆုံးခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ဇာဒက်ကြီးကျွန်းအောက်ဘက်၊ သံကျွန်းအနီးမှာ ညသန်းခေါင်ယံအချိန်မှာ ပစ်ခတ်ဖမ်းဆီးမှု ဖြစ်ပွားခဲ့တာပါ။ ထိုင်းနိုင်ငံက ငါးဖမ်းစက်လှေလေးစီးဟာ မြန်မာ့ရေပိုင်နက်ထဲ ရောက်ရှိနေပြီး မြန်မာစစ်တပ်ဘက်က ပစ်ခတ်ဖမ်းဆီးဖို့ ကြိုးစားတဲ့အတွက် ထိုင်းနိုင်ငံသား တစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

လှေပေါ်ပါတဲ့ လူ ၃၁ ဦးကို မြန်မာစစ်တပ်ဘက်က ထိန်းသိမ်းထားပြီး ၂ ရက်အကြာ ပြန်လွှတ်ပေးမယ်လို့ သိရကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ရေးသားဖော်ပြနေပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်ကို

ထိုင်းရေကြောင်းအာဏာပိုင်ကွပ်ကဲရေးရုံးကလည်းအတည်ပြုခဲ့ပါတယ်။ ဖမ်းခံထားရတဲ့ ၃၁ ယောက်ထဲမှာ ထိုင်းနိုင်ငံသား လေးဦးပဲပါပြီး ကျန်တာ မြန်မာတွေဖြစ်ကြောင်း သိရပါတယ်။

ဖမ်းဆီးရမိတဲ့ ထိုင်းငါးဖမ်းစက်လှေနှစ်စင်းဖြစ်တဲ့ ရနောင်း ၃၃၃ နဲ့ ချာရွန်ချိုင် ၈ တို့ကို မြန်မာရေပိုင်နက်ထဲ ဖမ်းခေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားရာကို အကူအညီပေးဖို့အတွက် ထိုင်းကင်းလှည့်ရေယာဉ် တီ ၂၇၄ ဟာ ရောက်သွားတယ်လို့ ထိုင်းရေကြောင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

ဒဏ်ရာရရှိသူတွေကို ရနောင်းကို ပို့ဆောင်ပေးခဲ့ပြီး ဆိပ်ကမ်းကို ဒေသဆိုင်ရာစံတော်ချိန် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်မှာ ရောက်ရှိခဲ့တယ် လို့ သိရပါတယ်။ ထိုင်းရေကြောင်းအာဏာပိုင်ဗဟိုကွပ်ကဲရေးဌာနနဲ့ ရနောင်းခရိုင်ရဲတပ်ဖွဲ့တို့ဟာ ဒဏ်ရာရရှိသူတွေကို ကုသပေးနိုင်ဖို့အတွက် ရနောင်းဆေးရုံကိုပို့ခဲ့ပြီး ရနောင်းဆွန်ခရိုဖောင်ဒေးရှင်းကလည်း ပူးပေါင်းခဲ့ပါတယ်။

မြန်မာ့ရေပိုင်နက်ကို ရောက်နေတဲ့ ငါးဖမ်းစက်လှေ လေးစီးထဲက မြန်မာစစ်တပ်က ဖမ်းဆီးရမိတဲ့ ငါးဖမ်းစက်လှေနှစ်စီးကို ကော့သောင်းမြို့ကို ဆွဲယူသွားပြီး လွတ်မြောက်သွားတဲ့ ငါးဖမ်းစက်လှေနှစ်စီးကတော့ ရနောင်းဘက်ကို ရောက်သွားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

Photo – Khaosod

ဆက်စပ် သတင်းများ

Most read