၈ မတ် ၊ ၂၀၂၅
စစ်တပ်ရဲ့ ငွေဝင်ပေါက်ဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆွစ်ဇာလန်အစိုးရကို Justice for Myanmar (JFM) က မတ်လ ၇ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီရဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ထားတာ သုံးနှစ်ကျော်လာပြီဖြစ်ပေမဲ့ ဆွစ်ဇာလန်နိုင်ငံကတော့ MOGE ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်ခဲ့တယ်လို့ မြန်မာ စစ်တပ်နဲ့ စီးပွားရေးလုပ်ကိုင်နေသူတွေကို ဖော်ထုတ်နေတဲ့ JFM က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
Justice For Myanmarရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဆွစ်ဇာလန်အနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်သင့်ပြီး၊ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီး ချမှတ်သင့်ပါတယ်။
စစ်အုပ်စုရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု လေးနှစ်ကျော်ကြာမြင့်လာခဲ့ပြီးတဲ့နောက် သူတို့ရဲ့ အကြမ်းဖက် စစ်ဆင်ရေးကလည်း ပိုလို့သာ ပြင်းထန်လာခဲ့ပြီး၊ ဒီအကြမ်းဖက်စစ်ဆင်ရေးတွေကို ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍက ငွေကြေး ဖြည့်ဆည်းထောက်ပံ့နေတာ ဖြစ်ပါတယ်။
စစ်အုပ်စုက လူတွေအစုလိုက်အပြုံလိုက်သတ်ဖို့၊ လူပေါင်း ၃.၅ သန်းကျော် နေရပ်စွန့်ခွာစေခဲ့တဲ့ သူ့တို့ရဲ့ အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်ဖို့၊ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ပြီးကျူးလွန်ဖို့ လိုအပ်တဲ့ စစ်လက်နက် တွေနဲ့ လေယာဉ်ဆီတွေ ဝယ်ယူဖို့ ဓါတ်ငွေ့ဝင်ငွေတွေကို အသုံးပြုနေပါတယ်။
သုံးနှစ်ကျော်ကြာတဲ့အထိ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်ခဲ့ခြင်းဟာ ဆွစ်ဇာလန်နိုင်ငံအနေနဲ့ အန္တရာယ်ရှိတဲ့ ကယ်ပေါက်တစ်ခုကို ဖန်တီးပေးလိုက်တာပါ။ ဒီကယ်ပေါက်က အီးယူနဲ့ အမေရိကန်ပြည် ထောင်စု တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထိခိုက်ပျက်ပြားစေရုံသာမက ဆွစ်ကုမ္ပဏီတွေကို မြန်မာနိုင်ငံရဲ့ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍမှာ ပုံမှန်အတိုင်း စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ကြောင်း မီးစိမ်းပြလိုက်တာ ဖြစ်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံအနေနဲ့ အီးယူဒဏ်ခတ်ပတ်ဆို့မှုတွေကို အပြည့်အဝအကောင်အထည်ဖော်ြခင်းနဲ့အတူ အဲ့ဒီ ကယ်ပေါက်ကို ပိတ်လိုက်ရမှာ ဖြစ်ပါတယ်” လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီအတွက် တစ်နှစ်ကို ဝင်ငွေသန်းနဲ့ချီရနေတဲ့ MOGE လုပ်ငန်းကို ၂ဝ၂၂ ခုနှစ်အစောပိုင်းမှာ ဥရောပ သမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ သုံးနိုင်ငံပေါင်းကတော့ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလကုန်မှာ အရေးယူဒဏ်ခတ်ပိတ်ဆို့ထားတာပါ။
Photo – Nikkei Asia