၂၁ အောက်တိုဘာ၊ ၂၀၂၄
မြန်မာ – ရုရှား နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ရေးပူးတွဲလေ့ကျင့်ဖို့ ရုရှား ရေတပ်က အရာရှိကြီးတွေ စစ်ရေယာဉ်လေးစင်းနဲ့ အောက်တိုဘာလ ၂၀ ရက်မှာ မြန်မာနိုင်ငံကို ရောက်လာတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ အောက်တိုဘာ ၂၁ ရက်က ဖော်ပြပါတယ်။
ရုရှားရေတပ်မှာ ပစိဖိတ်ရေယာဉ်အုပ်စုက စစ်ရေယာဉ်လေးစင်းနဲ့ အကြီးအကဲဖြစ်သူ Antsiferov Alexey Vitalievich ဦးစီးတဲ့ အရာရှိ၊ စစ်သည်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ပြောဆိုမှုအရ ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) အပါဝင် စစ်ရေးလေ့ကျင့်မှုတွေ စစ်ကောင်စီရဲ့ မြန်မာ့ရေတပ်နဲ့အတူ လုပ်သွားမယ်လို့ သိရပါတယ်။ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုကို စစ်ကောင်စီက ကပ္ပလီပင်လယ်ပြင်မှာ အောက်တိုဘာ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ လုပ်မယ်လို့ ကြေညာထားပြီး ဖြစ်သလို လေ့ကျင့်နေချိန်မှာ မြန်မာ့ပင်လယ်ပြင်အတွင်း မြေပြင်၊ ဝေဟင်နဲ့ ရေအောက်မှာ လေ့ကျင့်ပစ်ခတ်သွားမယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ စစ်ကောင်စီက ရေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို ရုရှားနဲ့ ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရုရှားနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ကိုယ်တိုင် လာရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပင်မကမ်းခြေ ကမ်းရိုးတန်းကနေ သီးသန့်စီးပွားရေးဇုန်အထိ ဝေဟင်၊ ရေပြင် ကာကွယ်နိုင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဆိုပြီး ကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလထဲမှာ ဖွဲ့စည်းပါတယ်။
Photo – စစ်ကောင်စီ