၇ ဖေဖော်ဝါရီ ၊ ၂၀၂၅
မြန်မာအမျိုးသမီးနှစ်ဦးအား တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားဖို့ စီစဉ်ခဲ့သူနှစ်ဦးကို မူဆယ်ခရိုင် တရားရုံးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအရ အလုပ် နဲ့ထောင်ဒဏ်နှစ် ၂၀ စီချမှတ်လိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
၎င်းတို့နှစ်ဦးမှာ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်မှ ဇေယျာအောင်နှင့် ကောင်းမှုတုံရပ်ကွက်မှ ဇင်မာအေး(ခ) မအေးနဲ့ သဲသဲ ဆိုသူတို့ဖြစ်ပြီး ၎င်းတို့ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၅ ရက်နေ့က အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါအမျိုးသမီးနှစ်ဦးမှာ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နေ အသက် ၂၀ အရွယ်အမျိုးသမီးတဦး နဲ့ ရန်ကုန်တိုင်း၊ လည်းကူးမြို့နေ ၃၁ နှစ်အရွယ် အမျိုးသမီးတဦးတို့ကို တရုတ်လူမျိုးတွေရဲ့ ဇနီးမယားအဖြစ် ဆောင်ရွက်ပါက ကျပ်သိန်း ၇၀ ရမယ်လို့ စည်းရုံးကာ ရောင်းစားဖို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း စစ်တွေ၊ လယ်ဝေး၊ ညောင်ရွှေ၊ တောင်ဒဂုံမြို့နယ်တွေက အမျိုးသမီး အချို့ကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားပြီး အကျိုးအမြတ်ရယူခဲ့သူတွေကို လူကုန်ကူးမှုတား ဆီးနှိမ်နင်း ရေးဥပဒေ နဲ့ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပြီးဖြစ်တယ်လို့လည်း စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။
မကြားသေးမီရက်ပိုင်းကလည်း အွန်လိုင်းလူမှုကွန်ရပ်စာမျက်နှာမှာ ဒလမြို့နယ်နေ အမျိုးသမီးငယ်တဦးကို တရုတ်လူမျိုးတဦး နဲ့ စကားပြန်အမျိုးသမီးတဦးတို့က အိမ်တိုင်ရာရောက်လာရောက်တွေ့ဆုံ စကားပြောဆို ခဲ့ပြီး ပညာသင်ပေးမယ် အလုပ်အကိုင်ရှာပေးမယ်ဆိုပြီး ပြောဆိုစည်းရုံးနေတဲ့ ရုပ်သံဖိုင်တခု ပျံနှံ့ခဲ့ပါသေးတယ်။