၄ မတ် ၂၀၂၆ ၊ New Day Myanmar
မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနဲ့ ဆူဒန်နိုင်ငံတွေက ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်ဗီဇာ ထုတ်ပေးမှုကို ယူကေအစိုးရက ခေတ္တရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
မတ်လ ၃ ရက်နေ့မှာ ယူကေပြည်ထဲရေးရုံးက ကြေညာခဲ့တာဖြစ်ပြီး အဆိုပါ ၄ နိုင်ငံက ကျောင်းသားတွေကို Study Visa ထုတ်ပေးမှုကို အရေးပေါ်ခေတ္တရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ယူကေအစိုးရအဆိုအရ အဲဒီနိုင်ငံတွေက ကျောင်းသားအများအပြားဟာ ကျောင်းတက်ရင်း ခိုလှုံခွင့် လျှောက်ထားမှုများလာတာကြောင့် ဗီဇာထုတ်ပေးမှုကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
ယူကေပြည်ထဲရေးရုံးရဲ့ အချက်အလက်အရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာနဲ့ ဆူဒန်နိုင်ငံတွေက ကျောင်းသားတွေ ခိုလှုံခွင့် လျှောက်ထားမှုဟာ ၄၇၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့တယ်လို့ သိရပါတယ်။
ယူကေပြည်ထဲရေးဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီး ရှာဘာနာ မာမွတ်က “ဗြိတိန်နိုင်ငံဟာ စစ်ပွဲနဲ့ နှိပ်စက်ညှဉ်းပန်းမှုကနေ ထွက်ပြေးလာသူတွေကို အမြဲ ခိုလှုံခွင့်ပေးနေတယ်။ ဒါပေမယ့် ဗီဇာစနစ်ကို အလွဲသုံးစား မလုပ်သင့်ဘူး” လို့ ပြောပါတယ်။
ယူကေနိုင်ငံအတွင်း လူဝင်မှုကြီးကြပ်ရေးကို တင်းကျပ်ဖို့ တောင်းဆိုမှုတွေ မြင့်တက်လာပြီးနောက် အခုလို ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ပါတယ်။
ဝန်ကြီးချုပ် Keir Starmer ဦးဆောင်တဲ့ အစိုးရကလည်း ခိုလှုံခွင့်လုပ်ငန်းစဉ်ကို ပိုမိုတင်းကျပ်ဖို့နဲ့ တရားမဝင် ရောက်ရှိလာသူတွေကို နေရပ်ပြန်ပို့ရေးကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။
ယူကေလူဝင်မှုကြီးကြပ်ရေးဌာနက လူဝင်မှုစည်းမျဉ်း ပြောင်းလဲမှုတွေကို မကြာခင် သတင်းစာရှင်းလင်းပွဲမှာ တရားဝင် မိတ်ဆက်မယ်လို့ သိရပါတယ်။


